ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ နည်းပညာတိုးတက်မှုနဲ့အတူ သတင်းလုပ်ငန်းပိုင်း ပြောင်းလဲနေတဲ့ အခြေအနေ။ ကောင်းကျိုး ဆိုးပြစ်တွေကို မစုမြတ်မွန်က အပိုင်း (၃) ပိုင်းခွဲပြီး အထူးအစီအစဉ်အဖြစ် တင်ဆက်နေပါတယ်။ အခု ဒုတိယပိုင်းမှာတော့ နှစ်ပေါင်းများစွာ သတင်းအမှောင်ချခံထားရတဲ့ အခြေအနေကနေ သတင်းအစုံကို Smart phone ပေါ်ကနေ လွယ်လွယ်ကူကူ ရယူနိုင်တဲ့ အခြေအနေ ရုတ်တရက်ရောက်သွားတဲ့အတွက် ဖြစ်လာတဲ့ သတင်းမှန် သတင်းမှား ပြဿနာအကြောင်းကို တင်ပြထားပါတယ်။ နည်းပညာအပြောင်းအလဲ သက်ရောက်မှုတွေအပေါ် လေ့လာနေသူတွေ။ သတင်းမီဒီယာလုပ်ငန်း လုပ်နေကြသူတွေ။ နည်းပညာတိုးတက်ရေး ပံ့ပိုးနေသူတွေ။ နည်းပညာအခြေခံ ဝန်ဆောင်မှုပေးနေသူတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။
မစုမြတ်မွန် ။ ။ ဒီကနေ့ခေတ်မှာ လက်ကိုင်စမတ်ဖုန်း (Smart phone) တွေက လူတွေအတွက် အဓိကဆက်သွယ်ရေးပစ္စည်း ဖြစ်နေရုံမက အဓိက သတင်းပေး သတင်းရယူတဲ့ ဇစ်မြစ်တခုလည်း ဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်းသုံးစွဲသူ (၉၀)% ကျော်ထဲက smart phone သုံးသူ (၈၀)% နီးပါးလုံး သတင်းတွေကို Online ပေါ်ကနေ အထူးသဖြင့် Facebook ပေါ်ကနေ ရယူကြတယ်လို့ ICT နည်းပညာဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့ MIDO က ခန့်မှန်းထားပါတယ်။ မြန်ဆန်လွယ်ကူတဲ့အပြင် သတင်းပေးသူနဲ့ သတင်းရချင်သူတွေကြား သတင်းတွေကို ချက်ချင်းပို့ပေးနိုင်တဲ့အတွက် VOA အပါအဝင် သတင်းဌာနကြီးတွေက Online ကိုကြားခံတခုနဲ့ အသုံးပြုနေရပါတယ်။ Online ဆိုတဲ့နေရာမှာလည်း မြန်မာပြည်သူအသုံးများတဲ့ Facebook လူမှုကွန်ယက်ကို အသုံးချလာကြရပါတယ်။ Facebook ဟာသတင်းသမားတွေအတွက် အသုံးဝင်တာမှန်ပေမဲ့ အထူးသတိထားစရာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူမျိုး ဘာသာအခြေခံတဲ့ ပဋိပက္ခတွေအတွင်း Facebook လူမှုကွန်ယက်ကို အသုံးချပြီး သတင်းမှား ဖြန့်တာတွေ။ တဖက်နဲ့တဖက် အမုန်းပွားစေတဲ့ ရေးသားဖြန့်ချီမှုတွေကြောင့် အခြေအနေတွေ ပိုပြီးဆိုးစေခဲ့တယ်ဆိုတာကို Facebook CEO Mark Zukergerg ကိုယ်တိုင်က လက်ခံ အသိအမှတ်ပြုထားပါတယ်။ ခုလိုဖြစ်ရတဲ့အကြောင်းကတော့ နှစ်ပေါင်းများစွာ သတင်းအမှောင်ချခံထားရတဲ့ အခြေအနေကနေ သတင်းအစုံကို ဘက်ပေါင်းစုံကနေ ရယူနိုင်တဲ့အခြေအနေ ရုတ်တရက်ရောက်သွားတဲ့အတွက် သတင်းမှန် သတင်းမှား သုံးသပ်နိုင်မှု အားနည်းတယ်။ သုံးသပ်ရကောင်းမှန်းမသိကြဘူးလို့ ဖွံ့ဖြိုးမှုအတွက် မြန် ICT အဖွဲ့ MIDO ရဲ့ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က သူတို့လေ့လာတေ့ွရှိချက်ကို ပြောပြပါတယ်။
မထိုက်ထိုက်အောင် ။ ။ ပထမတချက်ကတော့ နည်းပညာ Digital literacy ဒစ်ဂျစ်တယ်အသုံးပြုမှုပိုင်း အားနည်းတယ်။ အဲဒီ အားနည်းတယ်ဆိုတဲ့အချက်မှာ ကျမတို့ လေ့လာတွေ့ရှိချက်ထဲမှာဆိုရင် အင်တာနက် (Internet) တွေသုံးတယ်။ သုံးတဲ့နေရာမှာ သုံးစွဲသူ (၂၀)% လောက်က ဘာလုပ်သလဲဆိုရင် Website တွေ ကြည့်တတ်တယ်။ Google မှာ အချက်အလက်တွေ ရှာတတ်တယ်။ Applications တွေ Download ချပြီး Install လုပ်တတ်တယ်။ ကျန်တဲ့ (၈၀)% လောက်က ဒီဟာတွေကို ရင်းနှီးကျွမ်းဝင်မှု မရှိဘူး။ မရှိတဲ့အခါမှာ Online ရဲ့ နည်းပညာ၊ အင်တာနက်ရဲ့ သဘောသဘာဝကိုလည်း သိပ်ပြီးတော့ နားမလည်ကြဘူး။ နားမလည်တဲ့အခါ အင်တာနက်က အခုမှ ကျမတို့က စိုးရိမ်ရမယ့်အပိုင်းက အင်တာနက်ပေါ်မှာ ဘယ်လိုမျိုးတွေ အရမ်းများလာပြီလဲဆိုရင် သုံးစွဲသူတွေကိုယ်တိုင် ဖန်တီးလို့ရတဲ့ Platform တွေက များလာပြီ။ User Generated Content တွေ များလာပြီ။ အဲဒါတွေက သူသူငါငါ ဖုန်းလက်ထဲမှာရှိတယ်ဆိုရင်၊ အင်တာနက်ရှိတယ်ဆိုရင် အလွယ်တကူသုံးပြီးတော့ Page တခု ဖန်တီးလိုက်မယ်။ အဲဒီ Page က သတင်းတွေကို လှမ်းပြီးတော့ တင်လို့ရတယ်။
အဲဒီသတင်းတွေက မှန်ချင်မှလဲမှန်မယ်၊ မမှန်ချင်လဲမမှန်ဘူး။ ဒါပေမဲ့ အဲဒီ သုံးစွဲသူတွေက ဒါတွေကို မသိဘူးဆိုလို့ရှိရင် ဒါကတော့ သတင်းကနေ အမှန်တကယ် တင်နေတာပဲ။ ဒါကတော့ ဟုတ်မှာပဲ။ ဒီကောလာဟလကတော့ မှန်မှာပဲ ဆိုပြီးတော့ အဲဒါမျိုးတွေ မချင့်ချိန်တတ်ဘူးဆိုရင် နည်းနည်းလေး ဒီသတင်းတွေအပေါ် သုံးသပ်မှုနှုန်းက အားနည်းသွားလိမ့်မယ်။ အဲဒါကြောင့် ကျမတို့က နည်းပညာ အားနည်းမှုနှုန်းက ဘယ်လိုမျိုး ထပ်ပြီးတော့ သက်ရောက်သလဲဆိုရင် ဥပမာ ကျမတို့ကို တကယ်လိုများ Facebook မှာ Page တွေကို ဖန်တီးတတ်တဲ့လူ ဆိုပါစို့ - Page တွေကို ဖန်တီးလို့မှန်း သိတယ်ဆိုရင် Facebook ပေါ်မှာ Page တွေ ဖန်တီးတာ သူသူငါငါ အကုန်ဖန်တီးလို့ရတယ်။ အဲဒီအတွက် Page တိုင်းကလည်း ယုံစရာ မဟုတ်ဘူး။ ဒီမှာ သတင်းလို့ တပ်ထားရင်လဲ ယုံစရာ မဟုတ်ဘူးဆိုပြီး နားလည်နိုင်တယ်။ ဒါပေမဲ့ ဒီနည်းပညာအကြောင်း၊ Facebook အကြောင်း ကောင်းကောင်း ရေရေလယ်လယ် မသိတဲ့အခါမှာ သူက ဒီ Facebook ပေါ်မှာ ဒီလို သတင်းနာမည်ကြီးနဲ့ Page တခု ရှိတယ်တို့၊ ဘာတို့ဆိုလို့ရှိရင် သူက ဘယ်လိုမှ မသုံးသပ်တတ်တော့ဘူး။ အဓိက နည်းပညာ အားနည်းမှုကြောင့်က သတင်းတွေ သုံးးသပ်တဲ့နေရာမှာ နည်းနည်းလေး သုံးသပ်မှုအတွက် အားနည်းစေတဲ့ အချက်တချက်လို့ ပြောလို့ရတယ်။
မစုမြတ်မွန် ။ ။ အခုလို အားနည်းတာကို အခွင့်ကောင်းယူသူတွေက သတင်းမှား သတင်းတုတွေ ဖန်တီးဖြန့်ဖြူးနေသလို၊ အမုန်းပွားစေတဲ့ အရေးအသားတွေကို ဖြန့်ဝေနေကြတာပါ။ အစိုးရကကျင်းပတဲ့ လူထုစကားဝိုင်းတခုမှာဆိုရင် လူငယ်နဲ့လူမှုမီဒီယာဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီပြဿနာတွေကို အလေးထားဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။ Online ပေါ်မှာမြင်တဲ့ သတင်းတိုင်းကို တော်တော်များများက အမှန်လို့ ထင်နေကြတဲ့အတွက် သတင်းတု ပြဿနာဟာ သတင်းသမားတိုင်းအတွက် စိန်ခေါ်မှုတခု ဖြစ်လာနေပါတယ်။ သတင်းမှား တိုက်ဖျက်တဲ့နေရာမှာ သတင်းဖတ်သူရဲ့ စဉ်းစားမှုကလည်း အများကြီးအရေးကြီးတယ်လို့ Information Matrix ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းကမြင်ပါတယ်။
ဦးသောင်းစုငြိမ်း ။ ။ ကျနော်တို့ကိုယ်တိုင်က သတင်းတုတွေရဲ့ သားကောင်လိုမျိုး ဖြစ်နေတယ်။ ဥပမာ 7 Days လိုဟာမျိုးဆိုရင် 7 Days News ဆိုပြီး နာမည်အမျိုးမျိုး စာလုံးပေါင်းတွေ နည်းနည်းလွှဲလိုက်၊ ကျနော်တို့ Logo ကို သုံးထားတယ်။ အဲဒီလိုမျိုးနဲ့ သတင်းစာမျက်နှာတွေက ဆယ်ခုလောက် အမြဲတမ်းလိုလို ရှိနေတယ်။ အဲဒါတွေကို တွေ့ရှိတိုင်းလည်း Facebook ကို တိုင်ပြီးတော့ ဖြုတ်ချခိုင်းတယ်။ သူတို့လည်း အချိန်ကာလတခုအကြာမှာ ဖြုတ်တယ်။ အဲဒါတွေက အမြဲတမ်း ပြန်ပြန်ပေါ်လာနေတော့ သတင်းတုတွေက ကျနော်တို့ကိုယ်တိုင် ရင်ဆိုင်နေရတဲ့ ပြဿနာမျိုး။ အဲဒီတော့ ပြည်သူတွေထဲမှာ ကျနော်တို့ မြင်တာကတော့ အခုန ပြောခဲ့သလို Information Literacy, Media Literacy တွေက အားနည်းခဲ့တော့ အခုအချိန်မှာ တခုခု မြင်တယ်ဆိုရင် ဒီဟာ မှန်လား၊ မှားလားဆိုတဲ့ဟာကို စဉ်းစားသင့်လားဆိုတာတောင် မစဉ်းစားဘူး ဖြစ်နေတယ်။ အင်တာနက်ပေါ် မြင်တာနဲ့ Facebook မှာမြင်တာ မှန်ရမှာပဲ ဆိုတာမျိုးတခုကို သူတို့ ဇွတ်ယုံနေကြတယ်။
မစုမြတ်မွန် ။ ။ အခုခေတ်မှာ သတင်းတွေက တော်တော်လေး ပွင့်ပွင့်လင်းလင်း ထုတ်ပြန်နိုင်ပြီ။ တချိန်ထဲမှာပဲ Online ပေါ်က အတည်မပြုနိုင်တဲ့ သတင်းတွေကလည်း လူတွေကြားမှာ ပေါက်နေတုန်းပဲဆိုတော့။ အဲဒါ ဘာကြောင့်လို့ သုံးသပ်ပါလဲရှင့်။
ဦးသောင်းစုငြိမ်း ။ ။ ဟိုးအရင်ကတော့ ကျနော်တို့က သတင်းကို အမှောင်ချခဲ့တဲ့ ခေတ်တခေတ် ရှိခဲ့တယ်။ ရှိခဲ့တော့ အဲဒီအချိန်တုန်းကတော့ သတင်းဖြန့်တဲ့စနစ်က လဘက်ရည်ဆိုင်တို့၊ သူငယ်ချင်းတယောက်အိမ်မှာစုပြီးတော့ စကားတီးတိုးပြောပြီးတော့ အဲဒီမှာ ကောလာဟလတွေကပြန့် - ဟိုလူကို ဖုန်းဆက်ပြော၊ လှမ်းမေး၊ ဈေးထဲမှာ ဖြန့်ပြောကြ အဲဒီလိုမျိုးနဲ့ သွားခဲ့ကြတာဆိုတော့ အဲဒီအချိန်တုန်းက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဘယ်တော့မှ မထုတ်ပြန်ခဲ့ဖူးဘူး။ မထုတ်ပြန်ခဲ့တော့ ကျနော်တို့က Third party ကတဆင့် ပြောတဲ့ဟာကိုပဲ အမှန်တဝက်၊ အမှားတဝက်ဆိုတာကို ယူပြီးတော့ ကိုယ်ဘာသာကိုယ် ချင့်ချိန်ပြီးတော့ - ဥပမာ ရွှေဈေးတွေ တက်တော့မယ်ဆိုတာမျိုးဆိုရင် ဘယ်သူပြောလိုက်မှန်းမသိဘူး။ ဒါပေမဲ့ ဟုတ်မဟုတ်ဆိုတာက ကိုယ့်ဘာသာ စဉ်းစားပြီးတော့ အဲဒီအပေါ်မှာ Information ကို Action ယူခဲ့ရတဲ့ခေတ်။
အဲဒီခေတ်တခေတ်က ကျနော်တို့ရဲ့ အခု မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်အရွယ်က စပြီးတော့ အသက်ကြီးတဲ့အထိ လူတွေအားလုံးက အဲဒီခေတ်တခေတ်ကို ဖြတ်သန်းခဲ့တာ။ ဆိုတော့ အဲဒီခေတ်ကနေ အခုလိုမျိုး ပွင့်လင်းသွားတဲ့အချိန်ကို ပြောင်းသွားတော့ ဟိုးအရင်ခေတ်ကလည်း ကောလာဟလတွေက လေထဲမှာ ချက်ချင်းပြန့်သွားသလိုမျိုး အခုအခါ Social Media ပေါ်မှာလည်း သတင်းတုတွေက ဆက်ပြီးတော့ ပြန့်လွယ်တယ်။ အဲဒါ ပြန်ပြီးတော့ Counter လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုယ်တိုင်က သတင်းအချက်အလက် အပြည့်အစုံတွေကို ချက်ချင်းဆိုသလို Immediate Response ချက်ချင်းပြည့်ပြည့်စုံစုံနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးတဲ့ အလေ့အကျင့် မရှိသေးသရွေ့တော့ ပြည်သူတွေက Social Media ကပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် မှားယွင်းတဲ့ သတင်းအချက်အလက်တွေ၊ သတင်းမှန် သတင်းမှားတွေ ရောနေတဲ့ ကောလာဟလတွေကို သုံးစွဲပြီး အလုပ်လုပ်နေရအုံးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဝန်ကြီးဌာနတွေအနေနဲ့က အမြန်ဆုံး ပြောင်းသင့်တယ်။ တခုခုဖြစ်ပြီဆိုရင် ချက်ချင်း တာဝန်ရှိသူတယောက်က Uniform ဝတ်ပြီးတော့ ချက်ချင်းပြောတဲ့အကျင့်ကို လုပ်ဖို့ လိုနေပါပြီ။
မစုမြတ်မွန် ။ ။ လက်ရှိအခြေအနေမှာ အဲဒီလိုမျိုး မပြည့်စုံသေးဘူးလို့ ပြောချင်တဲ့သဘောလားရှင့်။
ဦးသောင်းစုငြိမ်း ။ ။ လက်ရှိက ပြန်ကြားရေးဝန်ကြီးဌာနဆိုရင် သူတို့ မကြာခဏ Communication နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အခြားဝန်ကြီးဌာနက Focal persons တွေကို စာရင်းတွေပြုစုပြီးတော့ ထုတ်ပြန်ထားတယ်။ နောက် ကျနော်တို့ မီဒီယာတွေကို ဖြန့်ထားတယ်။ ပြည်သူတွေကို အသိပေးထားတယ်။ ဒါပေမဲ့ အဲဒီ ဖုန်းနံပတ်တွေကို ဆက်လိုက်ရင် တချို့ဝန်ကြီးဌာနတွေက ဖြေမယ့်လူ မရှိဘူး။ မေးလိုက်ရင် သူ့ဘာသာ ဒီရာထူး ခန့်ထားမှန်းတောင် မသိတဲ့လူတွေလည်း ရှိတယ်။ အဲဒီတော့ အဲဒီဟာတွေကို ကျနော်တို့ ကျော်ဖို့လိုတယ်။ ဥပမာ နိုင်ငံခြားမှာဆိုရင် ကြည့်လိုက်ရင် ဝန်ကြီးဌာနတိုင်း၊ အရေးကြီးတဲ့ ပုဂ္ဂိုလ်တိုင်းမှာ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်မျိုးက တကယ့် Professional trained လုပ်ထားပြီးတော့ အကုန်လုံးပြင်ဆင်ထားတယ်။ ကျနော်တို့ဆီမှာ အဲဒီအလေ့အကျင့်တွေက မရှိတော့ အဲဒါကို ကျနော်တို့က Communication ဆိုတာ အရေးကြီးတဲ့ကိစ္စတခု၊ အုပ်ချုပ်ရေးယန္တရားထဲမှာ ပြည်သူနဲ့ ထိတွေ့စကားပြောပြီးတော့ ပြန်ကြားနေတဲ့ဟာကလည်း အရေးပါတဲ့ကဏ္ဍတခုဆိုတာကို၊ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို လူကြီးတွေ မသိကြဘူး။ အဲဒါကို ကျနော်က သိဖို့လိုမယ်လို့ ထင်ပါတယ်။
မစုမြတ်မွန် ။ ။ အစိုးရကတော့ Online ပေါ်မှာ သတင်းမှာဖြန့်နေတာတွေ။ အမုန်းပွားနေတဲ့ အရေးအသားတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ စောင့်ကြည့်တဲ့အဖွဲ့တဖွဲ့ကို ငွေကြေးအမြောက်အများသုံးစွဲပြီး ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ အဲဒီလို စောင့်ကြည့်တဲ့အလုပ်က မြန်မာနိုင်ငံမှာ တကယ်ပဲ ထိထိရောက်ရောက် လုပ်နိုင်ပါ့မလား။ စောင့်ကြည့်တာကနေ ထောက်လှမ်းတာမျိုး မဖြစ်အောင် ဘယ်လိုသတိထားသင့်ပါသလဲ။
မထိုက်ထိုက်အောင် ။ ။ Online ပေါ်မှာ စောင့်ကြည့်မယ်ဆိုရင် အဲဒီစောင့်ကြည့်မှုက ကျမတို့ တည်ဆဲလူ့အခွင့်အရေးတွေ၊ ရရှိသင့်တဲ့ လူ့အခွင့်အရေးတွေကို မထိခိုက်ဖို့က အဓိကအားဖြင့်တော့ လိုပါတယ်။ အဲဒီလို စောင့်ကြည့်မယ်ဆိုရင် တကယ်လို့များ ကျမတို့က သတင်းအတုတွေ Fake news တွေ စောင့်ကြည့်မယ်ဆိုတဲ့အပိုင်းက အရမ်းလုပ်ရမှာ သိပ်ခက်ခဲမယ်။ ဘာကြောင့် ခက်ခဲမလဲဆိုလို့ရှိရင် တစ်အချက်က နည်းပညာအရ စောင့်ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ အင်တာနက် အသုံးပြုတွေက သန်းနဲ့ချီပြီးတော့ရှိတယ်။ ပြီးတော့ Online ပေါ်မှာလည်း Pages တွေက အများကြီးရှိတယ်။ အဲဒါတွေကို ကျမတို့က အကုန်လုံးခြုံငုံပြီးတော့ စောင့်ကြည့်ရတာ အရမ်းကို ခက်ခဲမယ်။ အဲဒါ နည်းပညာအားနည်းချက်ပေါ့။ အဲဒီအခါကြရင် နောက်တချက်ကြတော့ ကျမတို့က ဒါတွေကို စောင့်ကြည့်မယ်။ ပြီးရင် ဘာလုပ်မလဲ။ ဒါကို ထိရောက်စွာ နှိမ်နင်းဖို့ဆိုတဲ့ဟာက အင်တာနက်ပေါ်မှာ ကျမတို့က အထူးသဖြင့် လူတိုင်း ကိုယ်တိုင်ဖန်တီးလို့ရတဲ့ Platform တွေမှာ ကျမတို့က ဒါတွေကို မရေးရ၊ မတင်ရဆိုတဲ့ဟာက တကယ်လို့ ဒီ Account က ရေးလို့၊ ဒီ Account ကို ဖျက်လိုက်မယ်ဆိုရင် နောက် Account အသစ်တွေ ပေါ်လာနိုင်တယ်။ နာမည်အရင်းနဲ့ မဟုတ်ဘူးဆိုရင် နာမည်အသစ်တွေ အများကြီးနဲ့ ပေါ်လာနိုင်တယ်။ အဲဒီအခါ စောင့်ကြည့်မယ်၊ တားဆီးမယ်ဆိုတဲ့ဟာက ကျမတို့က လုပ်ရမှာ အရမ်းခက်ခဲမယ်။ အဲဒီအစား ကျမတို့က အခုနပြောတဲ့ ပညာပေးအစီအစဉ်တွေကို ပိုပြီးတော့ လုပ်နိုင်မယ်ဆိုရင် ဒီ Fake News တွေက လူတွေက ဒီသတင်းတွေကို နားလည်လက်မခံ၊ မယုံကြည်ဘူးဆိုရင် သူတို့က အဲဒီမှာ ဘယ်လောက်ပဲတင်တင်၊ သူတို့ရဲ့ သက်ရောက်မှုတွေက အများကြီး မရှိတော့ဘူး။ အဲဒီအခါ ကျမတို့ MIDO အနေနဲ့ဆိုရင် စောင့်ကြည့်တာထက်၊ ပညာပေးအစီအစဉ်ကို ပိုပြီးတော့လုပ်ဖို့ ကျမတို့က လိုလားတယ်။ အဲဒါကို ပိုပြီးတော့ အားပေးတယ်။
မစုမြတ်မွန် ။ ။ တကယ်တော့ သတင်းတု သတင်းမှားတွေကို တမင်ဖြန့်နေကြတဲ့ ပြဿနာဟာ မြန်မာတနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အမေရိကန်၊ ဗြိတိန်စတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာကြီးတွေ အားကောင်းတဲ့ နိုင်ငံကြီးတွေမှာလည်း ရှိနေတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီပြဿနာကို တိုက်ဖျက်နိုင်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဟာ အသိပညာပေးတာဖြစ်တယ်လို့ နည်းပညာ တိုးတက်ရေးဆောင်ရွက်နေကြတဲ့ အဖွဲ့တွေက လက်ခံထားကြတာပါ။ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေလုပ်နေတဲ့ ဖန်တီးရာအဖွဲ့ကဆိုရင် စမတ်ဖုန်းသုံးတဲ့ လူငယ်တွေကို ချင့်ချိန်သုံးသပ်နိုင်အောင် တတ်နိုင်သလောက် အသိပညာပေးတယ်လို့ CEO Jes Petersen ကဆိုပါတယ်။
Jes Petersen ။ ။သတင်းတုပြဿနာ။ အမုန်းစကားဖြန့်တာတွေက မြန်မာတနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ အခုဒီပြဿနာတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့်ကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း Online ကိုအခြေခံတဲ့ Digital ပုံစံသတင်းဖြန့်ဝေမှုက မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပါတယ်။ နောက်တချက်ကလည်း မြန်မာနိုင်ငံကလူတွေသုံးကြတဲ့ နည်းပညာပုံစံ သိပ်များများစားစား မဟုတ်တော့ တခုခုဆို ခဏလေးနဲ့ ပျံ့လွယ်ပါတယ်။ ဒါကြောင့် ဖန်တီးရာကတော့ စမတ်ဖုန်းသုံးကြတဲ့ မျိုးဆက်သစ်တွေအတွက် နည်းပညာပိုင်းဆိုင်ရာ နားလည်အောင် ပညာပေးပါတယ်။ Digital နည်းပညာဝန်ဆောင်မှုတွေကို ပိုသုံးတတ်အောင်။ ကိုယ်ဖတ်တဲ့သတင်းတွေအပေါ် ချင့်ချိန်သုံးသပ်နိုင်အောင် အသိပညာပေးပါတယ်။ နောက် Online ပေါ်ရနိုင်တဲ့အကြောင်းအရာမျိုးစုံကနေ ကိုယ့်အတွက်အကျိုးရှိ အသုံးဝင်မယ့် အချက်အလက်တွေကို ရှာဖွေတတ်အောင်လည်း ဖန်တီးရာက သင်ပေးနေပါတယ်။ Digital နည်းပညာသုံး မျိုးဆက်သစ်တွေကြားမှာ တွေ့ရတဲ့ စိန်ခေါ်မှုကတော့ Online ပေါ်မှာ မြင်တွေ့နေတာတွေကို ဘယ်ဟာက အရေးပါတယ်၊ မပါဘူးဆိုတာကို ဘယ်လိုခွဲခြားသုံးသပ်မလဲ ဆိုတာထက်၊ ယုံကြည်စိတ်ချမယ့် သတင်းတွေ ရနိုင်မယ့် နေရာတွေကို ရှာတတ်ဖို့ပဲ ဖြစ်ပါတယ်။
မစုမြတ်မွန် ။ ။ အခုလိုမျိုး နည်းပညာပိုင်း စိန်ခေါ်မှုတွေ၊ တိုးတက်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ နောင် (၃) နှစ်ကြရင် Digital Media ပိုင်း နောက်ထပ် ဘာတွေဖွံ့ဖြိုးတိုးတက်လာနိုင်မလဲ။ မီဒီယာလုပ်ငန်းတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာကို နောက် အစီအစဉ်ကြရင် ဆက်ပြီးတော့ တင်ပြသွားပါမယ်။