သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ရေလွှမ်းမိုးမှု မိုးစပါးစိုက်ခင်းများပျက်စီး


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက စပါးခင်း ယခင်မှတ်တမ်းဓာတ်ပုံ။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက စပါးခင်း ယခင်မှတ်တမ်းဓာတ်ပုံ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်း လယ်သမားအတော်များများဟာ ဒီနှစ်စပါးစိုက်ပျိုးရာသီမှာ သူတို့ရဲ့ လယ်ဧက တချို့တဝက်လောက်ကိုပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ် တွေမှာ ဒီလဆန်းပိုင်း ရေကြီးရေလျှံတာကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။ ဒီအခြေအနေ ရန်ကုန်က သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြတဲ့ ရခိုင်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးဧက ၁၂ သိန်းဝန်းကျင် အထိရှိပေမယ့် ဒီနှစ်မှာတော့ စစ်ကောင် စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေကြောင့် လယ်ဧက ၆ သိန်းဝန်းကျင် လောက်ပဲ စိုက်ပျိုးနိုင်တယ်လို့ လယ်သမားရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါ့အပြင် ဒီသြဂုတ်လအစောပိုင်းမှာပဲ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေမှာ မိုးသည်းပြီး ရေကြီးရေလျှံခဲ့တာကြောင့် စပါးစိုက်ထားတဲ့ လယ်ဧက သိန်းနဲ့ချီ ရေမြုပ်ပျက်စီးသွားတယ်လို့ ဓညဝတီလယ် သမားအဖွဲ့ ပြောခွင့်ရ ဦးမောင်သိန်းလှက ပြောပါတယ်။

“ရခိုင်ပြည်နယ် အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် စပါးစိုက်ဧက ၁ဝ သိန်းနဲ့ ၁၂ သိန်းကြားမှာ ရှိတယ်။ အဲဒီလို အနေအထားမှာ ကျနော်တို့ ဒီနှစ်မှာဆိုရင် အလွန်ဆုံးစိုက်ပျိုးနိုင်တယ်ဆိုမှပဲ ၅ သိန်းနဲ့ ၆ သိန်းကြားလောက်ပဲရှိမယ်။ အဲဒီလောက်စိုက်နိုင်တဲ့ထဲမှာ ဒီသြဂုတ်လဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာတာကြောင့် စိုက်ပျိုးခါစ စပါးတွေ၊ ရေမြုပ်ပြီးတော့ ပျက်စီးထိခိုက်သွားတယ်။ တော်တော်များများ ဆုံးရှုံးသွားတယ်။ ဘယ်လောက်ပျက်စီးသွားတယ်ဆိုတဲ့ စာရင်းတိတိကျကျတော့ မရသေးဘူး။ ဒါပေမယ့်ခန့်မှန်းခြေအရ ပြောမယ်ဆိုရင် အနည်းဆုံး သိန်းချီပျက်စီးမယ်လို့တော့ ခန့်မှန်းရပါတယ်။”

ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ လယ်ဧက အများဆုံးပျက်စီးသွားတယ်လို့လည်း သူက ပြောပါတယ်။ မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာက လယ်သမားတဦးဖြစ်တဲ့ ဦးမောင်ကျော်ဝင်းကတော့ သူ့လယ်ဧကတွေ ပျက်စီးသွားတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ကျနော့်မှာတော့ အကုန်လုံး ပိုင်ဆိုင်မှုအရဆိုရင် ၁၅ ဧကရှိပါတယ်။ ၁၅ ဧက ရှိတဲ့ထဲက ဆီစျေးကြီးတာတွေ ဓာတ်မြေသြဇာစျေးတက်တာနဲ့ ၈ ဧက လောက်ပဲစိုက်နိုင်တယ်၊ အဲဒီထဲမှာ ၄ ဧကလောက် ရေမြုပ်သွားတယ်၊ အဲဒီထဲက ၂

ဧကလောက်က အကုန်လုံးပျက်စီးသွားတယ်။ ကျန်တဲ့ ၂ ဧကလောက်ကတော့ ပြန်ပြီးတော့ ကောင်းလာတယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေသလို လယ်ယာလုပ်ငန်းတွေမှာ အသုံးပြုရတဲ့ စက်ဆီတွေနဲ့ ဓာတ်မြေသြစျေးတွေလည်းဟာလည်း အဆမတန်မြင့်တက်နေပါတယ်။ ဒါကြောင့် တောင်သူ လယ်သမားတွေအနေနဲ့ လယ်ယာလုပ်ငန်းတွေ ဆက်လုပ်ဖို့ အခက်အခဲရှိကြပါတယ်။ ဒီကြားထဲ ခက်ခက်ခဲခဲရှာဖွေစိုက်ပျိုး ထားတဲ့စပါးခင်တွေ ထပ်မံပျက်စီးသွားတော့ လယ်သမားတွေအတွက် အတော်အခက်ကြုံနေရတယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

“လယ်သမားတွေအတွက်တော့ နွေရာသီကျရင်တော့ ငတ်မွတ်ခေါင်းပါးမှုဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နေရာမှာက ကုန်စျေးနှုန်းက အကုန်တက်နေတယ်။ လယ်သမားတွေက ဘယ်ကို အပြည့်အဝမလုပ်နိုင်ဘူး။ အဲဒီမှာ မိုးက ထကြီးတော့ တဝက်လောက်ပဲလုပ်နိုင်တဲ့လယ်သမားတွေက အကုန်လုံးပျက်စီးသွားတယ်ဆိုတော့ ပျက်စီးသွားတာကို ပြန်ပြီးတော့ လုပ်မယ့်အနေအထားလည်းမရှိဘူး၊ ကုန်စျေးတက်၊ အလုပ်သမားစျေးတက်နဲ့ ဒီအတိုင်းပဲ ထားလိုက်ရတော့မှာဆိုတော့ လယ်သမားတွေအတွက် အခက်အခဲရှိပါတယ်။”

လက်ရှိကာလဟာ မိုးစပါးစိုက်ရာသီလည်းဖြစ်နေပြီး ပျက်စီးသွားတဲ့ လယ်ဧကတွေကို ပြန်လည်ထွန်ယက်စိုက်ပျိုးမယ်ဆို ရင် အချိန်မီသေးတယ်လို့တော့ ဓညဝတီလယ်သမားအဖွဲ့ပြောခွင့်ရ ဦးမောင်သိန်းလှက ပြောပါတယ်။

“ကျနော်တို့ပြောချင်တာက ဒီလိုတကယ်ကို အခက်အခဲဖြစ်နေတဲ့အချိန်မျိုးမှာ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ တတ်နိုင်တဲ့ သူတွေ၊ ဒီအချိန်မှာ အတိုင်းအတာတခုအထိ အကူအညီပေးရင်တော့ အတိုးအတာတခုအထိ စိုက်ဧကတွေ တက်လာနိုင်တယ်။ အခုစိုက်မယ်ဆိုရင်လည်း မှီတယ်။ မိုးကလည်း ကောင်းတယ်ဆိုတော့ သက်တမ်းတိုစပါးတွေကို စိုက်မယ်ဆိုရင် တလလောက်စိုက်လို့ရသေးတယ်။ဘယ်အဖွဲ့အစည်းတွေက အကူအညီပေးမလဲ သူနဲ့မဆိုင် ငါနဲ့မဆိုင် ဆိုပြီးတော့ ထိုင်နေမလား။ အဲလိုထိုင်နေမယ်ဆိုရင်တော့ ပြဿနာက ပိုကြီးသွားနိင်တယ်။”

မြန်မာနိုင်ငံမှာ ဇွန်လနောင်းပိုင်းကစလို့ မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ရေးကြီးရေလျှံခဲ့တာကြောင့် တိုင်းနဲ့ပြည်နယ် ၅ ခုက ရေဘေးသင့်သူ ၂ သိန်းကျော်လောက်ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့အပြားက ရေဘေးအန္တရာယ်ကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်လာပါက အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တွေလုပ်ဆောင်သွားဖို့ရှိတယ်လို့ WFP ကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG