သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲဆက်လက်ပြင်းထန်


သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)
သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး၊ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲငပလီကမ်းခြေက စစ်ကောင်စီရဲ့ ကွင်းဝိုင်းရေတပ်စခန်းကို AAဘက်က ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်သလို ဂျိတ္တောရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ထိုးစစ်ဆင်နေတာပါ။ တိုက်ခိုက်မှုတွေကို စစ်ကောင်စီက ကြည်းရေလေ တပ်ဖွဲ့တွေနဲ့ တုံ့ပြန်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ရေးတင်းမာမှုတွေကြား နယ်ခံတချို့ ဖမ်းဆီးခံရတာတွေ ရှိတယ်လို့လည်း ငပလီဒေသခံတဦးကပြောပါတယ်။

“တိုက်ပွဲကတော့ ဂျိတ္တောမှာ တိုက်နေတဲ့ ပွဲနဲ့ ကွင်ဝိုင်းမှာ တိုက်နေတဲ့ ပွဲတွေကတော့ လက်ရှိအချိန်ထိ ရှိတုန်းလို့ပြောတယ်၊ ပြီးတော့ဂျိတ္တောမှာ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းရှိ တယ် သူတို့ကအဲမှာ တပ်စွဲထားတာပေါ့၊အဲဒီမှာ ငပလီက ဒေသခံတွေကို ကျွန်တော်တို့ သိသလောက် ကျွန်တော့်မိတ်ဆွေ တယောက်လည်းပါတယ်၊ ဓားစာခံလုပ်ပြီးတော့ ဖမ်းထားတယ် အချုပ်ခန်းထဲမှာ ဆယ်ယောက်ကျော်လောက် ရှိမယ်လို့ သတင်းရတယ် အတိအကျတော့ မသိနိုင်ဘူး။”

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲ ငပလီမှာ ပိတ်မိနေသူတွေလည်း အများအပြားရှိ နေသလို ပျောက်ဆုံးသူတွေလည်းရှိနေတာပါ။ သံတွဲမြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတဦးကတော့ သံတွဲငပလီမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာ လဝက်လောက်ရှိပြီလို့ပြောပါတယ်။

“ပျောက်နေတာကတော့ ၁၂ရက် ၁၃ရက်နေ့လောက်ကရှင့် အဲဒီဝန်းကျင်လောက်ကပဲ၊ ဘယ် နှစ်ယောက်လောက်လဲဆိုတော့ အမေရယ်၊ အဖေရယ်၊ ဦးလေးရယ်၊ ယောက်မရယ်၊ အကိုရယ်၊ တူတွေ တူမလေးတွေလည်းပါတယ်၊ စိုးရိမ်တယ်။ ဘာမှလည်း အဆက်အသွယ် မရဘူး၊ ဘာများဖြစ်နေလဲ ဘယ်လို အခြေအနေရှိနေလဲ အတိုင်းအထက်အလွန်စိုးရိမ်ပါတယ်၊ မိဘကလည်း အသက်ကြီးပြီဆိုတော့ တခုခုဖြစ်နေမှာကို ပိုစိုးရိမ်တယ်။”

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ သံတွဲမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ကျိ န္တလီနဲ့ ဂွမြို့နယ်တွေမှာ စစ်အင်အားဖြည့်တင်းတာတွေ ကာကင်းတွေ တိုးချဲ့ပြီးတော့ခံစစ်ပြင်ဆင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း သံတွဲဒေသခံတဦးကပြောပါတယ်။

“ အဓိကတော့ ကျိ န္တာလီမှာ မကြာခင်ပေါ့ သံတွဲပြီးရင် ကျိ န္တလီ ပြီးရင် ဂွဆိုတော့ ကျိ န္တလီကို အရင်ရောက်မယ်ပေါ့နော် AAဘက်က တိုက်လာရင် တိုက်ပွဲတွေ နီးလာပြီဆိုတော့ ဒေသခံ တွေပြည်သူတွေက ပိတ်မိသွားမှာစိုးလို့ ဒီ ကျိ န္တလီနဲ့ ဂွမြို့နယ်က ဒေသခံတော်တော် များများ ပြည်မဘက်ကို ရှောင်ကြတယ်ပေါ့။”

တချိန်တည်းမှာပဲ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ နခခ(၅) မြို့သူကြီး စခန်းကို AA အဖွဲ့က ထိုးစစ်ဆင်နေတာပါ။ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေကလည်း အပြင်းအထန် တုံ့ပြန်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“တိုက်ပွဲကတော့နှစ်ဘက် ပြင်းထန်နေကြတယ်ပေါ့နော်၊ အဲဒီမှာ စစ်ကောင်စီဘက်က မြို့သူကြီးစခန်း မကျရှုံးစေရေးအတွက် လေကြောင်းပစ်ကူတွေကို ဒီနေ့ မနက်အာရုံပိုင်း လောက်ကနေ မွန်းလွဲပိုင်းအထိကို ဆက်တိုက်ပစ်ခတ်ခဲ့တာရှိတယ်၊ နောက်ပြီး ရေကြောင်းကနေပြီးတော့ ပစ်တာလည်းရှိတယ်ပေါ့၊ ပြီးတော့ မွတ်ဆလင်လက်နက် ကိုင်အဖွဲ့တွေလည်းစစ်ကောင်စီဘက်က ပူးပေါင်းပြီးတော့ တိုက်နေကြတယ် AAဘက်က လည်း နောက်မဆုတ်တမ်း ထိုးစစ်ဆင်နေတယ်လို့ ကျမတို့ သိရတယ်။”

ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ထိခိုက်မှု အခြေအနေ အတိအကျကိုတော့ သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီကလည်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာနေပြီး ရခိုင်ပြည်နယ် အပါအဝင် နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG