သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသမှာ ကုန်စည်နဲ့ဆေးဝါးအပြင် ငွေသားရှားပါးလာ


မြန်မာငွေစက္ကူများ။
မြန်မာငွေစက္ကူများ။

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြာရှည်လာတာနဲ့အမျှ ဒေသတွင်း ကုန်စည်နဲ့ဆေးဝါးပြတ်လပ်လာပြီး အလုပ်အကိုင်တွေလည်း ရှားပါးလာနေပါတယ်။ ငွေသားရှားပါးမှုကြောင့်လည်း ငွေကျပ်တသိန်းကို ၂၀ ရာခိုင်နှုန်း အခပေးပြီး ငွေထုတ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကြော့ပြန်တိုက်ပွဲတွေဖြစ်နေတာ ၇ လကျော်လာပြီး သိန်းနဲ့ချီတဲ့ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာပါ။ တိုက်ပွဲကာလတလျောက်မှာ ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခရှားပါးပြီး အိမ်သုံးဆေးဝါးတွေလည်း ပြတ်လပ်နေပါတယ်။

အခြေခံစားသုံးကုန်ပစ္စည်းတွေနဲ့ အလုပ်အကိုင်အခွင့်လမ်းရှားပါးလာတာအပြင် အခုဆိုရင် ငွေသားရှားပါးမှုကိုပါ ရင်ဆိုင်လာကြရတယ်လို့ ကျောက်တော်ဒေသခံတဦးကပြောပါတယ်။

“ရခိုင်မှာက ဒီငွေသားရှားပါးတဲ့ ပြဿနာက တော်တော်လေးဆိုးရွားတဲ့အခြေအနေမှာရှိနေတာပေါ့နော်၊ ငွေလွှဲငွေထုတ်ဆိုင်တွေမှာ သွားထုတ်ရင်လည်း ရာခိုင်နှုန်းကတော်တော်များတယ်။ အခုဆိုရင် ၂၀%၊ တချို့နယ်ဘက်တွေမှာဆိုရင် ၂၃ ရာခိုင်နှုန်း။ အဲလောက်တောင် ပေးရတယ်။ ဆိုတော့ ဒေသခံတွေအတွက် ငွေကြေးရဖို့က တော်တော်လေး ရှားပါးလာတယ်။ ဒါက နေ့စဉ်လူနေမှုဘဝတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်နေတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့စပြီးတော့ တကြော့ပြန်တိုက်ပွဲတွေစတင်ခဲ့တာဖြစ်သလို အဲဒီအချိန်ကတည်းက ရခိုင်ပြည်တွင်းက ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းလာတာ အခုဆို ၇ လကျော်လာပါပြီ။ ဘဏ်စနစ်တွေမလည်ပတ်တော့တာကြောင့်ရော၊ ဒေသတွင်း ပို့ကုန်တွေ မရှိတော့တာကြောင့်ပါ အခုလို ငွေသားရှားပါးတဲ့ပြဿနာတွေကို ရင်ဆိုင်လာရတာဖြစ်တယ်လို့လည်း ကျောက်တော်ဒေသခံ လူငယ်တဦးကပြောပါတယ်။

“ဒီဘက်မှာက ဘဏ်စနစ်လည်ပတ်မှုက မရှိတော့ဘူးဆိုတော့ ရှိတဲ့ငွေသားတွေကလည်း အပြင်ကို ရောက်ရောက်သွားတော့ ငွေသားက ရှာမရတော့ဘူး။ အထူးသဖြင့် ကျနော်တို့ အိန္ဒိယနဲ့ကုန်သွယ်တဲ့အခါ ဒီဘက်မှာရှိတဲ့ ငွေသားတွေက ငွေကြေးလဲလှယ်မှုနဲ့ တွက်လိုက်တော့ ပမာဏက တော်တော်လေးများတယ်ဆိုတော့ ဒေသတွင်းမှာရှိတဲ့ ငွေတွေက တဘက်ကိုရောက်သွားတယ်၊ အဲဒီငွေတွေကို ပြန်ပြီးတော့ ရယူဖို့ကလည်း ဒီဘက်မှ လက်ကျန်ကမရှိတော့ အခုဆိုရင် ကုန်သွယ်မှုတွေလည်း ရပ်တန့်နေတော့ ပြည်တွင်းမှာ ငွေက ဘယ်လိုမှ ရှာမရတော့ဘူးလေ။”

ရခိုင်ပြည်နယ်တွင်း နယ်စပ်ကုန်သွယ်ရေးတွေလည်း ရပ်တန့်နေသလို ဒေသအတွက် စားနပ်ရိက္ခတွေကို မှောင်ခိုလမ်းကြောင်းတွေကနေတဆင့် တင်သွင်းနေကြရတာကြောင့် ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပါတယ်။

မြေပုံမြို့နယ်က ဝန်ထမ်းတဦးကတော့ လခရတဲ့ လစာတဝက်လောက်ကို ငွေထုတ်ခပေးနေရ တာကြောင့် ခက်ခဲနေတယ်လို့ ပြောပါတယ်။

“သူတို့ကတော့ ဘယ်လိုပြောရမလဲ။ အဓိကတော့ ငွေသားမရှိဘူးပေါ့နော်၊ တချို့ဆိုင်တွေမှာဆိုရင် ၂ဝ ရာခိုင်နှုန်းပေးပြီးတော့ ထုတ်မယ်ဆိုရင်တောင် ငွေထုတ်လို့မရတဲ့ အခြေအနေရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ထုတ်ပေးဖို့ ငွေမရှိဘူးပေါ့နော်၊ ရတဲ့ ဆိုင်တွေကလည်း ၂ဝ ရာခိုင်နှုန်းပေးပြီးထုတ်ရတယ်။ ပုံမှန် ညီမတို့လိုဝန်ထမ်းတယောက်က လစာ ၅ သိန်းပဲရတယ်ဆိုပါစို့။ ထုတ်ခ ၂ဝ ရာခိုင်နှုန်းပေးလိုက်ရတော့ တသိန်းက ပါသွားပြီလေ။ ကျန်တဲ့ ၄ သိန်းကလည်း လက်ရှိကုန်စျေးနှုန်းနဲ့ ညီမတို့အတွက် အဆင်မပြေဘူးလေ။ ဆိုတော့ ငွေကြေးကိစ္စကတော့ တော်တော်ဆိုးနေတယ်။”

လက်ရှိ ရခိုင်ပြည်နယ်မှာ မြို့နယ် ၉ ခုကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထားပြီး ဒေသတွင်း စားနပ်ရိက္ခာရရှိရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ AA ဘက်က ပြောထားပါတယ်။ ဒါပေမယ့်လည်း AA သိမ်း ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ဆက်ပြီးတော့ ခိုလုံနေကြဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG