သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကုန်သည်တွေ အိန္ဒိယ၊​ မီဇိုးရမ်းပြည်နယ်မှာ ပိတ်မိနေ


အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်၊ လောင်တလိုင်ခရိုင်ကို Google Map မြေပုံမှ တွေ့ရစဉ်
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်၊ လောင်တလိုင်ခရိုင်ကို Google Map မြေပုံမှ တွေ့ရစဉ်

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ရခိုင်ပြည်နယ်အတွင်းကို ကုန်စည်တွေစီးဆင်းနေတဲ့ လမ်းကြောင်းကို ဗဟိုလိုင် လူငယ်အဖွဲ့က ပိတ်ထားတာကြောင့် ရာနဲ့ချီတဲ့ ရခိုင်ကုန်သည်တွေ ပိတ်မိနေပြီး အခက်ကြုံနေရပါတယ်။ အဲဒီလို ကုန်စည်းစီးဆင်ရာလမ်းကြောင်းတွေ ပိတ်ခံထားရတာကြောင့် ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်မြို့နယ်တွေမှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာနေသလို အခြေခံစားသုံးကုန်တွေ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်းပြည်နယ် လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး ရခိုင်မြောက်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းကို ဗဟိုလိုင် လူငယ်အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီးတော့ ဒီကနေ့အထိ ပိတ်ထားဆဲဖြစ်ပါတယ်။

အခုလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ရုတ်တရက် ပိတ်လိုက်တာကြောင့် မီဇိုးရမ်းပြည်နယ်ထဲမှာ ရာနဲ့ချီတဲ့ ရခိုင်ကုန်သည်တွေ ပိတ်မိနေသလို ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဗဟိုလိုင် လူငယ်အဖွဲ့(Central Young Lai Association -CYLA)က ဖျက်ဆီးတာတွေရှိတယ်လို့လည်း လောင်တလိုင် ခရိုင်အတွင်း ပိတ်မိနေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

“ ဒီမှာကျနော်တို့သောင်တင်နေတာ တလကျော်လောက်ရှိပြီ။ လမ်းပိတ်လိုက်တော့ တချို့ နယ်စပ်ကို ရောက်သွားတဲ့ သူတွေရှိတယ်။ နယ်စပ်ကို မရောက်လိုက်ပဲလမ်းမှာ ပိတ်မိနေတဲ့ သူတွေရှိတယ်။​ ကုန်စိမ်းတွေဆိုရင်လည်း အကုန်ပုပ်ကုန်တယ်။ အခက်အခဲတော်တော်ရှိတယ်။ စက်သုံးဆီတွေလည်း လမ်းတွေမှာ အများကြီးးပဲ သောင်တင်နေတာ။ တချို့နယ်စပ်ရွာတွေမှာ ဆိုရင်လည်း ပြဿနာတွေက လူငယ်အဖွဲ့တွေက ကုန်တွေကို မီးရှို့ ဖျက်ဆီးလိုက်တာ တွေရှိတယ်။ ဆုံးရှုံးမှုတွေရှိတယ်”

လက်ရှိပိတ်ထားတဲ့ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်မှုလမ်းကြောင်းဟာ တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုမဟုတ်သလို ကုန်သည်တွေနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်တာဝန်ရှိသူတွေကြား နားလည်မှုနဲ့ ဖွင့်လှစ်ထားတဲ့လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းကို အဓိက ချုပ်ကိုင်ထားတဲ့ ဗဟိုလိုင် လူငယ်အဖွဲ့ (CYLA)ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အာရက္ခတပ်တော် AA အနေနဲ့ ချင်းပြည်နယ်အတွင်းက စစ်ပွဲတွေမှာ ဝင်မပါဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အကြောင်းတစုံတရာတုန့်ပြန်မှုမရရှိခဲ့တဲ့အပြင် ဗဟိုလိုင်လူငယ်အဖွဲ့ရဲ့ထိန်းချုပ်နယ်မြေထဲကို လက်နက်ကိုင်ဆောင်ဝင်ရောက်တာတွေ ရှိခဲ့တာကြောင့် အခုလို ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်လိုက်ရတာဖြစ် တယ်လို့ဖော်ပြထားပါတယ်။

AA ကတော့ ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA)ရဲ့ ပိတ်ဆို့မှုဟာ မြန်မာနိုင်ငံအတွင်းက ရှုပ်ထွေးမှုတွေအပေါ်ကြားဝင်တာဖြစ်ပြီး အိန္ဒိယဗဟိုအစိုးရအနေနဲ့ ဒီအဖွဲ့ကို ဥပဒေကြောင်းအရ အရေးယူပေးဖို့ လိုအပ်တယ်လို့ ဧရာဝတီသတင်းဌာန (မြန်မာပိုင်း) ကို ပြောဆိုထားတာရှိပါတယ်။ ဒါ့အပြင် ဗဟိုလိုင်လူငယ်အဖွဲ့အနေနဲ့ ကုန်သည်ရေးလမ်းကြောင်းတွေကို ပိတ်ထားတဲ့အပြင် ကုန်သည်တွေဆီက ပိုက်ဆံတောင်းတာတွေ ကုန်စည်တွေကို ဖျက်ဆီးတာတွေလည်း ရှိနေတယ်လို့ ရခိုင်ကုန်သည်တဦးက ပြောပါတယ်။

“ နယ်စပ်ဘက်က မြစ်ဝဘက်က ရွာတခုမှာ ဆီပီပါအလုံး ၅ဝ လောက်မီးရှို့ ဖျက်ဆီးလိုက်တယ်လို့တော့ ကြားတယ်။ နောက် ပါးဆိပ်ကန် ဆိုတဲ့ ရွာဘက်မှာ ရခိုင်ကလာတဲ့သူတွေ ပါးဆိပ်ကန် ရွာမှာ နေမယ်ဆိုရင် လူတယောက် ၃,၅ဝဝ ပေးရတယ်လို့လည်းကြားတယ်။”

ကုန်သည်တွေအနေနဲ့ မီဇိုးရမ်းပြည်နယ်ထဲ ပိတ်မိနေတာ အခုဆိုရင် လနဲ့ချီရှိနေပြီဖြစ်တာကြောင့် နေထိုင်စားသောက်ရေး ခက်ခဲလာသလို ဝယ်ထားတဲ့ကုန်ပစ္စည်းတွေကိုလည်း ပြန်သွင်းလို့မရတာကြောင့် အတော်အခက်ကြုံနေရတယ်လို့လည်း ပိတ်မိနေတဲ့ ကုန်သည်တဦးကပြောပါတယ်။

“ ကျနော်တို့ကတော့ မီဇိုးရမ်းပြည်နယ် လောင်တလိုင်ကိုရောက်တာ ဇွန်လ ၂၂ရက်နေ့ က ရောက်တာ၊ ပစ္စည်းတွေ အကုန်လုံးဝယ်ပြီးသွားပြီ အခုက လမ်းပိတ်ထားတော့ ပစ္စည်းတွေလည်း ချလို့မရ၊ ဆိုင်ရှင်တွေဆီက ပိုက်ဆံလည်းပြန်တောင်းလို့မရ လမ်းလည်းပြန် မဖွင့်သေးဘူးဒီမှာ။”

အခုလို ရခိုင်မြောက်ပိုင်းကဒေသခံတွေအတွက် အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်းကို လနဲ့ချီပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စားသောက်ကုန်တွေ ရှားပါးလာနေသလို ကုန်စျေးနှုန်းတွေလည်း နေ့စဉ်နဲ့အမျှ မြင့်တက်လာနေတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ တောင်ကုတ်ဘက်မှာ တိုက်ပွဲဖြစ်တော့ အဲဒီဘက်က လမ်းကြောင်းတွေ ပိတ်လိုက်တယ်။ ပြီးတော့ အိန္ဒိယဘက်က ပစ္စည်းတွေဝင်နေတဲ့ လမ်းကြောင်းကိုလည်း ပြီးခဲ့တဲ့လက ပိတ်လိုက်တယ်။ အခုနောက်ပိုင်းမှာ ကုန်ပစ္စည်းတွေက ပုံမှန်ထက် နေ့တိုင်းဆိုသလို စျေးတက်နေတယ်။ ဥပမာ ကော်ဖီတထုပ်ဆိုရင် အရင်လက ၁၇,၀၀၀၊ ၁၉,ဝဝဝရှိတယ် အခုဆိုရင် ၂၃,၀၀၀၊ ၂၅,၀၀၀ အဲဒီပတ်ဝန်းကျင်မှာရှိတယ်။ တခြားပစ္စည်းတွေဆိုရင်လည်း အများကြီးစျေးတက်နေ တာရှိတယ်။ စျေးတက်တော့ အခြေခံ လက်လုပ်လက်စားတွေဆိုရင် လုံးဝမသုံးနိုင်တဲ့ အနေအထားဖြစ်လာတယ်။ ပုံမှန်လစာဝင်နေတဲ့ လူတယောက်တောင်မှ တလစာနဲ့ တလလုံးဖြတ် သန်းဖို့တောင် မနည်းရုန်းကန်နေရတယ်။”

ရခိုင်ပြည်နယ်ဟာပုံမှန်အားဖြင့် ပြည်မလို့ခေါ်တဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး စတဲ့ ဒေသတွေက အခြေခံစားသောက်ကုန်တွေနဲ့ ပြည်တွင်းလိုအပ်တဲ့ ကုန်ပစည်းတွေကို အဓိကထား အသုံးပြုနေရတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က နိုင်ဝင်ဘာလ ၁၃ရက်နေ့ကနေ စတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေအားလုံးကို စစ်ကောင်စီက ဒီကနေ့အထိ ပိတ်ပင်ထားပါတယ်။

ဒီကြားထဲ ရခိုင်ဒေသခံတွေအတွက်အခြေခံစားသောက်ကုန်တွေ စီးဆင်းနေတဲ့ အိန္ဒိယ-ပလက်ဝ- ရခိုင် လမ်းကြောင်းကိုပါ ပိတ်ထားတာကြောင့် လာမယ့်လတွေမှာ ဒေသတွင်း ကုန်စည် လုံးဝပြတ်တောက်သွားနိုင်တယ်လို့လည်း ကျောက်တော်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ အခုလိုမျိုးသာ လမ်းတွေ ပိတ်နေမယ်၊ ကုန်ပ္စည်းတွေ မဝင်တော့ဘူးဆိုရင်တော့ အကုန်လုံး ပြတ်လပ်သွားမယ့်အနေအထားရှိတယ်၊။ အခုဆိုရင် ဇူလိုင်ဆိုတော့ လာမယ့် သြဂုတ်လမှာ အကုန်လုံး ပြတ်လပ်သွားမယ့်အနေအထားရှိတယ်။”

လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား မောင်တော၊ သံတွံနဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို တခြားသော AA ထိန်းချုပ်မြို့နယ်တွေမှာလည်း မကြာခဏဆိုသလို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကာလတွေ ကြာလာတာနဲ့အမျှ ရခိုင်ဒေသမှာ စစ်ဘေးဒုက္ခသည်တွေလည်း တိုးလာနေသလို ဒေသတွင်း အလုပ်အကိုင်ရှားပါးတာတွေ၊ ကုန်စည်စီးဆင်းမှုမရှိတာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် တောင်ယာလုပ်ငန်းနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ မရှိတာတွေ၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ပင်လယ်ပြင်အတွင်း ငါးဖမ်းတာတွေ မလုပ်နိုင်တာကြောင့် တနေ့ထက် တနေ့ စားဝတ်နေရေးတွေ ကျပ်တည်းလာနေကြပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG