ရခိုင်မြောက်ပိုင်း မောင်တော နဲ့ တောင်ပိုင်းက သံတွဲငပလီမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ ပြင်းထန်နေတာ အခုဆိုရင် သီတင်း ၃ ပတ် ကျော်သွားပြီ ဖြစ်ပါတယ်။ ငပလီမှာတော့ လက်ကျန် ခလရ (၅၅) တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံ တိုက်ခိုက်နေတာပါ။ မောင်တောမှာတော့ AA က မြို့ပေါ်မှာ ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားနေသလို စစ်ကောင်စီကလည်း အင်အား အလုံးအရင်းနဲ့ ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်တိုက်ပွဲနောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်အတွင်းမှာရှိတဲ့ ငပလီကမ်းခြေက စစ်ကောင်စီရဲ့ ခလရ ၅၅ တပ်ရင်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အကြီးအကျယ် ပြင်းထန်နေတာပါ။ စစ်ကောင်စီကတော့ ရေတပ်ကနေ အင်အားဖြည့်တင်းတာတွေ ရှိနေသလို လက်နက်ကြီး၊ အမြောက်တွေနဲ့ အတွဲလိုက် မနားတမ်း ပစ်ခတ်နေတယ်လို့ သံတွဲမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ငပလီဘက်မှာတော့ ဂျိတ္တော လင်းသာဘက် အခြမ်းမှာနှစ်ဘက် ထိတွေ့တိုက်ပွဲ တော်တော်ဖြစ်နေတာ၊ အသံကတော့ တော်တော်ကြားရတယ် ဆူညံနေတာပဲ၊ ၁၂လုံးတွဲ ဒုံးတွေနဲ့ကို ကိုင်နေတာ၊ မြေကြီးမှာ ထောက်ပြီးပစ်ရတဲ့ ၄ လုံးတွဲ အဲဒီကောင်တွေနဲ့ ကား နောက်တွဲကောင်တွေနဲ့ ပစ်နေတာ မစ်ဇိုင်းလိုအတွဲလိုက်ဒရုံးတွေနဲ့ပါပစ်နေတာ။”
ဒါ့အပြင် ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်မှာ လက်နက်ကြီးတွေ အထိုင်ချထားသလို လူနေအိမ်တွေ၊ ဟိုတယ်တွေနဲ့ အထပ်မြင့် အဆောက်အဦတွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားတယ်လို့ ဒေသခံတွေပြောပါတယ်။ ငပလီမှာ ဒေသခံတချို့ကိုလည်း စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိတိုက်ပွဲတွေဟာ ငပလီကမ်းခြေတလျှောက်မှာ ဖြစ်နေတယ်ဆိုပေမဲ့ စစ်ကောင်စီလေတပ်က သံတွဲမြို့ပေါ်ကိုလည်း လာရောက် ဗုံးကြဲတာတွေ ရှိနေတာပါ။ မနေ့ကဆိုရင်လည်း သံတွဲမြို့ပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးသွားသလို အမျိုးသမီးတဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာလည်း သံတွဲမြို့ပေါ်က ထောင်နဲ့ ကျန်းမာရေး အဆောက်အအုံတွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားတယ်လို့ သံတွဲမြို့ခံတဦးကပြောပါတယ်။
“ထောင်ထဲမှာသူတို့ စခန်းချထားတယ်၊ ပြီးတော့ ထောင်ဘေးကကျန်းမာရေး အဆောက်အဦတခုရှိတယ် သုံးထပ်လား လေးထပ်လား မသိဘူး၊အဲဒီမှာလည်း သူတို့အထိုင်ချထားတယ်။ မြို့ထဲမှာရှိနေတဲ့သူတွေလည်း ထွက်ဖို့ အဆင်မပြေတော့ဘူး ဂိတ်တွေ ပိတ်လိုက်တယ်။ လူလည်း တော်တော်များများရှိနေသေးတယ်၊ အဓိကတော့ လေယာဉ်နဲ့ လာပစ်ရင်ပြေးရမယ်၊ လေယာဉ်နဲ့ လာကြဲတာကတော့ ကြောက်ဖို့ အကောင်းဆုံးပေါ့၊ လွတ်ရာကို ရှောင်ရမှာပဲ ပြီးတော့ လေယာဉ်က ဘယ်နေရာတွေကို ဦးတည်ပစ်မှန်းလည်းမသိဘူးလေ။”
ဒါ့အပြင် သံတွဲမြို့ပေါ်မှာလည်း စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသခံ တော်တော်များများ ရက်ပေါင်းများစွာ ပိတ်မိနေတာလည်း ရှိနေပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ သံတွဲမြို့၊ ငပလီကမ်းခြေက စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ လကတည်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ငပလီကမ်းခြေက ခမရ (၅၆၆) တပ်ရင်းနဲ့ သံတွဲ မဇင်လေဆိပ်ကို သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်သား အလောင်း ၄ဝဝကျော်လောက်ကို သင်္ဂြိုလ်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
တဆက်တည်းမှာပဲ ရခိုင်မြောက်ပိုင်း မောင်တောဘက်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ AA အနေနဲ့ မောင်တောမြို့တွင်း ဝင်ရောက်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီလက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း မြို့တွင်း အင်အား အလုံးအရင်းနဲ့ နေရာယူထားသလို လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့် ခုခံနေတယ်လို့ မောင်တောနဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။
“တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနေအထားပေါ့နော်၊ လေယာဉ်တွေလည်း အများကြီး ပစ်ကူတွေ သွားတာကို ကျမတို့မြင်တွေ့ရတယ်။ မောင်တောမှာ AA က ထိုးစစ်ဆင်နေတာ တပ်ရင်းတချို့လောက်ပဲ ကျန်တော့တယ်လို့ ကျမတို့သိရတယ်၊ မြို့တွင်းအခြေအနေက ကျတော့ မြို့တွင်း စစ်ကောင်စီက အင်အားအလုံးအရင်းချထားပြီး တော့ အထပ်မြင့် လူနေအိမ်တွေမှာ စနိုက်ပါတချို့နဲ့ စစ်ကောင်စီက နေရာယူထားတဲ့ အခြေအနေတွေရှိတယ်ပေါ့ နော်၊ AA ဘက်ကတော့ သိရသလောက်တော့ မြို့ထဲကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်မယ့် အနေအထားရှိမနေသေးဘူး၊ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ နေရာယူထားတာ ဖြစ်တဲ့အတွက်လက်ရှိမှာတော့ မြို့ကိုဝင်ဖို့ အတွက် တပ်ရင်းတချို့ကို AAဘက်က ထိုးစစ်ဆင်တိုက်နေတာရှိပါတယ်။”
မောင်တောမြို့နယ်က လက်ကျန်စခန်း နှစ်ခုဖြစ်တဲ့ နခခ (၂) လေးမိုင်စခန်း၊ နခခ (၅) မြို့သူကြီးစခန်းနဲ့ တခြား စခန်းတွေကို AA က မိုးတွင်းထိုးစစ်အဖြစ် ဆက်လက် တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီထဲက နခခ (၂) စခန်းကို ဇူလိုင်လ ၆ရက်နေ့က သိမ်းပိုက် ရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားတာပါ။ လက်ရှိမှာတော့ မောင်တောမြို့ရဲ့ တခုတည်းသာ လက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) မြို့သူကြီးစခန်းကို AA အနေနဲ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် အနောင်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အားထားအရဆုံး ဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာကုန်းကို AA က သိမ်းပိုက်ထားပြီးဖြစ်သလို ကျန်တဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားတာပါ။ လက်ရှိမှာတော့ အမ်းမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ တပ်အင်းအား ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
Forum