တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က စစ်ကောင်စီရဲ့ အခြေစိုက် စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနဲ့ လားရှိုးမြို့ အစိတ်အပိုင်းတချို့ထဲကို TNLA တပ်တွေ ဝင်ရောက် နိုင်ခဲ့ပေမဲ့ မြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့ကတော့ မလွယ်ဘူးလို့ TNLA အဖွဲ့က ဗိုလ်ချုပ်ကြီး တာဘုန်းကျော်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ လာရှိုးမြို့တဝိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဗိုလ်ချုပ်ကြီး တာဘုန်းကျော်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လားရှိုးမြို့မှာ အရပ်သား ၁၈ ဦး သေဆုံးပြီး၊ ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လားရှိုးဒေသခံတွေကတော့ မြို့တဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
တရုတ်က ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီးတဲ့နောက် ကိုးကန့် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အပါအဝင် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာပါ။
တရုတ်က စစ်ကောင်စီအတွက် အဓိက မဟာမိတ်အဖြစ်နဲ့ လက်နက်တွေ ထောက်ပံ့ပေးနေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးကိုတော့ ဆက်ထိန်းထားတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြောင်းလည်း AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
Forum