သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲမြို့ကို AA သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေပြော


သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)
သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)

ဇွန်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေထွက်ပြီး ၂၄နာရီအတွင်း စစ်ကောင်စီဟာ သံတွဲကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါအပြင် သံတွဲမြို့အနီး ငပလီကမ်းခြေ ဂျိတ္တောမှာလည်း စစ်ကောင်စီတပ်တွေဟာ ခုခံစစ် ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး ကိုစည်သူက တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီးတော့ မြို့ထဲပိတ်မိနေသူတွေကို AA က ကယ်ထုတ်နေတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် သံတွဲမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သံတွဲဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“မြို့ပေါ်မှာတော့ စစ်သားမရှိတော့ဘူးပေါ့၊ အဲလိုမျိုးတော့ သတင်းကြားတယ်။ အဲလိုသတင်းတွေ တက်ပြီးတဲ့နောက်ပိုင်းမှာ မြို့ပေါ်ကို ဒရုန်းနဲ့ပိုပြီးတော့ ကြဲတာလို့ပြောတယ်။ ပြီးတော့ ဟိုတယ်ဇုန်ဘက်ကိုလည်းပေါ့ ပြီးတော့ မြရတနာဘုရားဆိုတာ မြပြင်ဘက်အခြမ်းကိုလည်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်လို့ ပြောသံကြားတယ်။”

သံတွဲမြို့ပေါ်က ဆေးရုံအပါအ၀င် ကျန်းမာရေး၀န်ဆောင်မှုပေးနေတဲ့ အဆောက်အအုံတွေနဲ့ သံတွဲထောင်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေဟာ ဆုတ်ခွာသွားတာကြောင့် AA က မြို့တွင်း ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သံတွဲမြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင် လာတဲ့ ဒေသခံတဦးကပြောပါတယ်။

“အခုက စစ်ကောင်စီတပ်သားတွေ မြို့ထဲမှာ မရှိတော့ဘူး။ မြို့ထဲမှာ AA က ဝင်စီးထားတယ်လို့ ကျနော်တို့ သတင်းရတယ်။ စစ်တပ်ကလူတွေကတော့ အကုန် မြို့ပြင်ကို ပြန်ဆုတ်ပြီးတော့ သတင်းကြားတာတော့ မြို့ထွက်ဝ ဆန်နီတောင်ဂိတ်မှာတောင် AA ကနေရာယူ လိုက်ပြီလို့ သတင်းကြားတယ်။ အဲဒီကနေ ဂွဘက်အခြမ်းကို တက်လာတာပေါ့။”

မြို့ပေါ်ကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကွင်းဝိုင်းရေတပ်စခန်းနဲ့အနီး နေရာဖြစ်တဲ့ သံတွဲ ငပလီကမ်းခြေက ဂျိတ္တောရပ်ကွက်နဲ့ ဇလွန်ကျေးရွာဘက်တွေမှာ ခံစစ်ပြင်ဆင်ထားပြီးတော့ အင်အား တိုးချဲ့ထားသလို မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ငပလီဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။

“သူတို့က ကွင်းဝိုင်း မောင်ရွှေလေးရေတပ်ဘက်ကို သွားဖို့ဆိုလို့ရှိရင် လမ်းကနှစ်လမ်းရှိတယ်။ ညီမတို့ ဂျိတ္တောဘက်ကနေသွားတဲ့ လမ်းရယ်၊ နောက်တခုကတော့ သံတွဲမြို့ပေါ်ကနေဖြတ်ပြီးတော့ ဇလွန်ဘက်ကနေ ဟိုဘက်အခြမ်းကို ဆင်းတဲ့လမ်းပေါ့လေ။ အခုက မြို့ပေါ်မှာ စစ်သားတွေ မရှိတော့ပဲ တပ်ဆုတ်တဲ့အခါကျတော့ ဂျိတ္တောမှာ ခံစစ်ပြင်ထားတယ်။ ဂျိတ္တောလမ်းဆုံစျေးနားတလျှောက် အဲနားက လှေဆိပ်ပေါ့နော်အဲနားမှာ ခံစစ်ပြင်ထားတယ်၊ အဲဒီနားကနေ လှေနဲ့ မောင်ရွှေလေး ရေတပ်ကိုကူးရင် ခဏလေးနဲ့ရောက်တယ်၊ ဒါပေမယ့်သံတွဲ မြို့ဘက်ကအခြမ်းက သွားရင်တော့ ၂ နာရီလောက်သွားရတယ်။ ဆိုတော့ သူတို့က ဇလွန်ဘက်အခြမ်းနဲ့ ဂျိတ္တောဘက်ကအခြမ်းကို ဆုတ်လာပြီးတော့ တပ်ဖြည့်ထားတယ်။”

စစ်ကောင်စီရဲ့ အကျိုးစီးပွား တော်တော်များများရှိနေတဲ့ သံတွဲမြို့နယ်ကို AA က ပြီးခဲ့တဲ့လ အစပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး သံတွဲလေဆိပ်အပါအဝင် ငပလီကမ်းခြေက ခမရ (၅၆၆)နဲ့ ခလရ (၅၅) တပ်ရင်းတို့ကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲငပလီကမ်းခြေတလျှောက်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတာကြောင့် ဒေသတွင်း အခြေအတွေကိုသိရဖို့ ခက်ခဲနေတာပါ။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးလည်း အာရက္ခတပ်တော် AA က တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG