မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်က လူမှုအသိုင်းအဝန်းတွေ အစုအလိုက်အပြုံလိုက် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ၇ နှစ် ပြည့်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အတွင်း ပါဝင်ပတ်သက်သူအားလုံးကို အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့ အညီ အရပ်သားတွေ အားလုံးကို အကာအကွယ်ပေးရေး အာမခံပေးဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ အဆင့်မြင့်ဆုံး တရားရုံး ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံနေရတဲ့ ၂၀၁၇ ခုနှစ် တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဒီနေ့ (သြဂုတ်လ ၂၅ ရက်နေ့) မှာ ၇ နှစ် ပြည့်ခဲ့ပြီး လက်ရှိမှာလည်း ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ အတွင်းမှာ ရိုဟင်ဂျာတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိခိုက် ထွက်ပြေးနေရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ကုလသမဂ္ဂ အကြီးအကဲက အခုလို တိုက်တွန်း တောင်းဆိုခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ၂၀၂၄ ခုနှစ် ပူးတွဲ တုံ့ပြန်မှု အစီအစဥ် (2024 Joint Response Plan) အပါအဝင် ပဋိပက္ခ ဒဏ်ခံ ရပ်ရွာဒေသတွေကို ဝင်ရောက်ခွင့်နဲ့ ရိုဟင်ဂျာတွေ ကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံတွေကို ပံ့ပိုးကူညီရေးနဲ့ ဒေသတွင်း အကာအကွယ်ပေးရေး ကြိုးပမ်းချက်များ ပိုပြီး အားကောင်းလာစေဖို့လည်း သူက ထပ်လောင်း မေတ္တာရပ်ခံ ထားပါတယ်။
လက်ရှိအချိန်မှာ ရိုဟင်ဂျာ ၁ သန်း ဝန်းကျင်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေရပြီး နောက်ထပ် ရိုဟင်ဂျာ ၁၃၀,၀၀၀ ကျော် ဟာလည်း တခြား နေရာ အများအပြားမှာ ရောက်ရှိနေပြီး နေရပ်ပြန်နိုင်ဖို့ အလားအလာ မရှိသေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ရဲ့ ပြောဆိုချက်ထဲမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ "ဆိုးရွားလှတဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေ" ကို မီးမောင်းထိုးပြပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေလို့ ရိုဟင်ဂျာတွေနဲ့ တခြား လူမှူအဖွဲ့အစည်းတွေရဲ့ " နဂို ရှိရင်းစွဲ ထိခိုက်နေတဲ့ အခြေအနေတွေဟာ" အခုမှာ ပိုပြီးဆိုးရွားလာနေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးသံတမန်ဟာ ဒေသတွင်း နိုင်ငံတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံနေပြီး အားလုံးပါဝင်နိုင်ကာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ် ဖြစ်ထွန်းရေး အရေးကြီးကြောင်း သတိပေးထားပါတယ်။ ဒီလို ဖြစ်လာနိုင်မှာသာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ မိမိသဘော ဆန္ဒအရ၊ ဘေးကင်းပြီး၊ ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ရေးကို အထောက်အကူဖြစ်စေမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Forum