သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံး၊ လက်နက်ချသူတွေ အများအပြားရှိ (ခိုင်သုခ)


မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော သုံ့ပန်းများနဲ့ လက်နက်များကို AA အာရက္ခတပ်တော်မှ ထုတ်ပြန်ပြသ (ဩဂုတ် ၂၆၊ ၂၀၂၄)
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော သုံ့ပန်းများနဲ့ လက်နက်များကို AA အာရက္ခတပ်တော်မှ ထုတ်ပြန်ပြသ (ဩဂုတ် ၂၆၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြားတိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေဆဲဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ မောင်တောမှာတော့ စစ်ကောင်စီနဲ့ မွတ်ဆလင်တပ်ဖွဲ့တွေ ဒီရက်ပိုင်း လက်နက်ချအလင်းဝင်တာတွေရှိသလို သေဆုံးသူတွေလည်း အများအပြားရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ တဆက်တည်းမှာပဲ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ခိုင်သုခကဗွီအိုအေကို ပြောပါတယ်။ ရခိုင်တိုက်ပွဲ နောက်ဆုံးအခြေအနေ နဲ့ပတ်သတ်ပြီး ရန်ကုန်ကသတင်းပေးပို့တဲ့သတင်းကို တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က တခုပြီးတခု သိမ်းပိုက်နေသလို မြို့တွင်းမှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ မောင်တော မြို့ထဲမှာတော့ တိုက်ပွဲတွေက ဆက်လက်ပြီးတော့ ပြင်းထန်နေတာရှိတယ်၊ အဲဒီမှာ မွတ်ဆလင်ကြမ်းဖက်အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ၊ နောက် စစ်ကောင်စီတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ တချို့နေရာတွေမှာ အခိုင်အမာ နေရာယူပြီးတော့မှ ခုခံနေတာရှိတယ်။ အဲဒီမှာ တချို့ပြည်သူတွေကို သူတို့ဖမ်းဆီးပြီးတော့ လူသားဒိုင်းကာ လုပ်ထားတာတွေဆက် လက်ပြီးတော့ ရှိနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒါ အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးမှု မရှိရအောင် စနစ်တကျ သတိထားပြီးတော့ ရှင်းလင်းရေးတွေ ဆက်လုပ်နေရတာ ဖြစ်ပါတယ်။”

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော သုံ့ပန်းများနဲ့ လက်နက်များကို AA အာရက္ခတပ်တော်မှ ထုတ်ပြန်ပြသ (ဩဂုတ် ၂၆၊ ၂၀၂၄)
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော သုံ့ပန်းများနဲ့ လက်နက်များကို AA အာရက္ခတပ်တော်မှ ထုတ်ပြန်ပြသ (ဩဂုတ် ၂၆၊ ၂၀၂၄)

စစ်ကောင်စီက လေကြောင်းကနေ တောက်လျှောက် တိုက်ခိုက်နေပေမဲ့ မြေပြင်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေ အသေအပျောက် များလာသလို လက်နက်ချ အလင်းဝင်တာတွေနဲ့ လက်နက်ခဲယမ်း အများ အပြားဖမ်း ဆီးရမိတာတွေရှိတယ်လို့လည်းက ခိုင်သုခက ဆက်ပြောပါတယ်။

“ စစ်ကောင်စီဘက်ကတော့ လေကြောင်းက နေ့တိုင်းလာပြီးတော့ မရပ်မနားတိုက်ခိုက်နေတာ ရှိပါတယ်။ ဆိုတော့ အဲဒီမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ နောက် လက်နက်ကြီးတွေနဲ့ ပစ်တာတွေ အဲတာတွေကတော့ တောက်လျှောက် လုပ်နေတာပါ။ ကျနော်တို့ကတော့ မောင်တောမြို့ထဲမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ မဟာမိတ် မွတ်ဆလင် လက်နက်ကိုင်တွေကို လိုက်ပြီးတော့ ရှင်းထုတ်နေတာရှိတယ်။ ထွက်ပြေး လွတ်မြောက်နေတဲ့ ရန်သူတွေကိုလည်း လိုက်လံ ချေမှုန်းနေတာရှိတယ်။ အဲဒီမှာ လက်နက်ချတဲ့ သူတွေလည်းရှိတယ်။ ရန်သူ့အလောင်းတွေလည်း ရာချီပြီးတော့ သိမ်းဆည်း ရမိတာရှိတယ်။ လက်နက်ခဲယမ်းမီးကျောက်တွေလည်း သိမ်းဆည်းရမိတာ ရှိတယ်။”

တဆက်တည်းမှာပဲ မောင်တောမြို့နယ်အတွင်းမှာထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို လိုက်လံချေးမှုန်းနေသလို စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

မောင်တောမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတချို့ သေဆုံးတာတွေလည်း ရှိနေသလို မြို့တွင်း ပိတ်နေသူတွေလည်း ရှိနေပါတယ်။​ AA ကတော့ ဒီလအတွင်းမှာပဲ သောင်းနဲ့တဲ့ မြို့ခံတွေကို တိုက်ပွဲတွေကြားကနေ ကယ်ထုတ်ထားတယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။

အခုလို နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာဟာ မောင်တောတခုတည်းမဟုတ်ပါဘူး။ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာ လနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။ သံတွဲမြို့နယ်မှာတော့ စစ်ကောင်စီတပ်စခန်းအများအပြားနဲ့ မြို့ပေါ် နေရာတွေကို AA က သိမ်းပိုက်ထားနိုင်ပြီး ငပလီကမ်းခြေက ရေတပ်တခုသာ ကျန်ရှိတော့တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“ သံတွဲမြို့နယ်ဘက်မှာတော့ နောက်ဆုံးကျန်တဲ့ မောင်ရွှေလေး ကွင်းဝိုင်းရေတပ်စခန်း တဝှိုက်မှာတော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်။ ရန်သူ့ဘက်ကလည်း ကြည်း၊ ရေ၊ လေ အားလုံးပေါင်းပြီးတော့မှ ပြင်းပြင်းထန်ထန် ခုခံနေတာရှိတယ်။ အခုဆိုရင် သူတို့ရေတပ်ကနေပြီးတော့ သင်္ဘော ၈စီးနဲ့ တောက်လျောက် လက်နက်ကြီးတွေနဲ့ ပစ်နေတာရှိတယ်။ လေတပ်ကလည်း လာပြီးတော့ ဗုံးကြဲ တိုက်ခိုက်နေတာရှိတယ်။ နောက် ဂွမြို့နယ်ဘက်ကလည်းပဲ လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်။ ဂွမြို့နယ်ထဲမှာလည်း ကျနော်တို့ ကျိန္တလီမြို့ တဝိုက်ပေါ့နော်၊ အဲဒီ ဘက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော်ကြားမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာရှိတယ်။”

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အကြား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၁၃ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ခုနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း လက်ကျန်မြို့နယ်တွေကို AA ကထိုးစစ်ဆင်နေတာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို တိုက်ပွဲအတွင်း အရပ်သား ထိခိုက် သေဆုံး ဒဏ်ရာရရှိတာတွေရှိနေပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG