သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲမြို့ ဗုံးကြဲခံရမှု ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ သေဆုံး


သံတွဲမြို့ လေကြောင်းဗုံးကြဲခံရပြီး မြင်ကွင်း (စက်တင်ဘာ ၂၆၊ ၂၀၂၄)
သံတွဲမြို့ လေကြောင်းဗုံးကြဲခံရပြီး မြင်ကွင်း (စက်တင်ဘာ ၂၆၊ ၂၀၂၄)

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ဘက်က ပြောပါတယ်။ မနေ့ကကလည်း မြေပုံမြို့ နယ် ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတချို့ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြားတိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁ဝ ခုလောက်ကို AA ဘက်က သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီးတဲ့နောက် အဲဒီမြို့နယ်တွေထဲက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာ ရပ်ကွက်မြို့နယ်တွေကို လေကြောင်း တိုက်ခိုက်တာတွေကို စစ်တပ်ဘက်က ဒီလအစောပိုင်းကစပြီး တိုးမြှင့် လုပ်နေပါတယ်။


ဒီကနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာတော့ ရခိုင်တောင်ပိုင်းမှာရှိတဲ့ သံတွဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ အဆောက်အဦတွေပေါ်ကို စစ်တပ်က စစ်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

"အဲဒီမှာ သံတွဲမြို့ မြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရုံးတွေကို ဗုံး ၂ လုံးစီ ကျရောက်ပေါက်ကွဲခဲ့တာရှိပါတယ်။ ဆိုတော့ အဲဒီ ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်စဉ်မှာ သဘာဝပတ်ဝန်းကျင်ရုံးမှာ ခိုလုံနေတဲ့ စစ်ဘေးရှောင် အရပ်သား ပြည်သူ ၁၄ ဦး သေဆုံးပြီးတော့ ၂၅ဦးထက်မနည်း ဒဏ်ရာရတာ ရှိပါတယ်။”

သေဆုံးသွားသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး ဒဏ်ရာရရှိသွားသူတွေကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“သေဆုံးသွားတဲ့ သူတွေထဲမှာတော့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ၊ အများစု ပါဝင်တယ်လို့ သိရပါတယ်၊ နောက် ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျနော်တို့ ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။”

သံတွဲမြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို စက်တင်ဘာလ ၅ ရက်နေ့ကတည်းက အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထားပါတယ်။ စစ်တပ်ဘက်က မြေပြင်တပ်စခန်းတွေ ဆုံးရှုံးခဲ့ပြီးနောက် လေကြောင်းကနေ မကြာခဏဆိုသလို လာရောက် ဗုံးကြဲနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သံတွဲမြို့နယ် ပေါက်တူးကျေးရွာကို စစ်တပ်က လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်က အခုလို အရပ်သားတွေနေထိုင်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ ပတ်သတ်ပြီး AA ပြောခွင့်ရ ခိုင်သုခက အခုလို တုံ့ပြန်ပါတယ်။

“ အခုလိုမျိုး အရပ်သားပြည်သူတွေ ခိုလုံနေတဲ့ နေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက် ခိုက်တယ် ဆိုတာကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ပြောင် ပြောင်တင်းတင်းကျူးလွန်တာ ဖြစ်သလို ဂျနီဗာကွန်းဘန်းရှင်းကိုလည်း ပြောင်ပြောင် တင်း တင်း ချိုးဖောက်တာဖြစ်ပါတယ်။”

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ် ကန်းထောင့်ကြီး မြို့ကို မနေ့ကလည်း စစ်တပ်က လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီးတော့ ၁ဝ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာပါ။ မြေပြင်မှာ တိုက်ပွဲတွေ မရှိတဲ့ မြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာတွေကြောင့် အရပ်သား သေဆုံး ဒဏ်ရာရတာတွေလည်း တနေ့ထက်တနေ့ တိုးလာနေသလို ဒေသခံ ပြည်သူတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်လာနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG