သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာ အရပ်သားတွေ သေဆုံး


လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)
လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)

စစ်ကောင်စီကို လေယာဥ်ဆီတင်ပို့မှုရပ်ဆိုင်းဖို့ အင်အားကြီးနိုင်ငံတွေကပါ ဝိုင်း၀န်းတိုက်တွန်းနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နှစ်ရက်အတွင်း အရပ်သား ၅ ဦးမက သေဆုံးခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ စစ်လေယာဉ်တွေ အကြိမ်ပေါင်းများစွာ ပျံသန်းပြီး ဝေဟင်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့မှာ ဗုံး ၄ လုံးထပ်မံကြဲချခဲ့တာကြောင့် အရပ်သား တဦး သေဆုံးပြီး လူပေါင်း တဒါဇင်နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ အလားတူ မနေ့ညကလည်း TNLA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ သီပေါမြို့နယ်တဝိုက် လေယာဉ် ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစု ၄ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကိုပြောပါတယ်။ ဒီကနေ့ မနက်အစောပိုင်း တိုက်ခိုက်မှုအခြေအနေကို လားရှိုးမြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ၄လုံးပေါ့အနည်းဆုံး။ တနာရီခွဲမှာ ၂လုံး။ ၄ နာရီကျော် ၂လုံး။ မြို့လယ်ထဲ ကျတာပေါ့။ ဖူလီလိုက် ဟိုတယ်မှာက တလုံး။ ဖူလီလိုက်ဟိုတယ်က ၁၀ထပ်ကျော်လားမသိဘူး။ အဲဒီရှေ့မှာ ကျတာတာလေ။ အဲဒီ တိုက် တခြမ်းလုံးတော်တော်ထိတာလေ။ တလုံးကတော့ အဲဒီ ရထိုက်ဟိုတယ်ကို ထိတယ်။ အဲဒီနားက မျက်နှာချင်းဆိုင် တန်းလျားတွေ အကုန်ထိတာပေါ့။ နောက်တလုံးကျတော့ ရပ်ကွက် ၂ ဥက္ကဋ္ဌ အိမ်ဟောင်းရဲ့ ရှေ့မှာ ကျတယ်။ အဲဒီနားတဝိုက် အကုန်ထိတယ်။ နောက်တော့ ရပ်ကွက် ၂ မှာ ကြက်ကင်ဆိုင် နံမည်ကြီး၊ အဲဒီအိမ်ရှေ့မှာ မီးလောင်သွားတယ်။ ကြက်ကင်ဆိုင်က ကလေးမလေး တယောက် သေတယ်။ ၃ယောက်လောက် ဒဏ်ရာရတယ်။ ၄နာရီကျော်လောက်ကျတာ သုံးဘီးဆရာတွေလည်း ထိတယ်လေ။ ဆေးရုံမှာ တော်တော်များတယ်။ ဆေးရုံတက်တဲ့သူတွေက ပြောပြတာ အရေးပေါ်ချက်ချင်းဆိုတော့ ၁၀ယောက်ကျော်လောက် ရှိတယ်။ ”

ဒီကနေ့မနက် လားရှိုးမြို့ကို ဗုံးကြဲတာဟာ ၅ကြိမ်မြောက် ဖြစ်ပြီး ဒီတကြိမ်လေကြောင်းတိုက်ခိုက်မှုမှာ အထိအခိုက်အပျက်အစီးများပြားကြောင်း အဲဒီလားရှိုးဒေသခံက ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီလေကြောင်းကနေ ပြင်းအား ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)
လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီး ဒီလ ၈ ရက်နေ့ကတော့ ရပ်ကွက် ၁၂ အားကစားရုံနဲ့ ရေပူစမ်းအနီးက Silver Sky ဟိုတယ် အပါအ၀င် နေရာ ၂ နေရာကို ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က လားရှိုးမြို့အပေါ် လေကြောင်းတိုက်ခိုက်မှုမှာ လူတဦးသေဆုံးပြီး ၁၀ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက အခုလို လာရှိုးကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတဲ့အပေါ် မြို့က လူမှုကူညီရေးဆောင်ရွက်နေသူ တဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဖြစ်တာကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ လူနေအိမ်တွေ ပေါ်ကိုတော့လေ။ ဘာလို့လည်းဆို အခုနာနေတာက ပြည်သူတွေချည်းပဲ နာနေတာလေ။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ကြဲတယ်ဆိုရင် လက်ခံစရာရှိတာပေ့ါဗျာ။ အခုတော့ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လုပ်နေတာ။ ကျနော်တို့ကတော့ တောင်းပန်တာပဲ ရှိတာပေ့ါဗျာ။ တောင်းပန် တယ် ဆိုတာ ဒီလိုပေါ့ စစ်မဖြစ်ဘဲနဲ့ မလုပ်ဖို့ ပေါ့။ ဒါပဲရှိတာပဲ၊ ဒါပေမဲ့ သူတို့ လက်ထဲမှာပဲ ရှိတာလေ။ သူတို့ ပါးစပ်မှာပဲ ရှိတာလေ လုပ်မယ်၊ မလုပ်ဘူး ဆိုတာက။ ”

ဒီလ ၂၃ရက်နေ့ တနင်္လာနေ့ ညနေပိုင်း ၃နာရီကျော်အချိန်မှာတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

“ သီပေါမှာဆိုရင် မနေ့က ညနေ ၃နာရီခွဲ အချိန်ဝန်းကျင်မှာ နားလွယ်ဆိုတဲ့ လီဆူရွာမှာ လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦးကတော့ သေဆုံးသွားတယ်။အမျိုးသား ဒေသခံ ၃ဦးကတော့ ထိခိုက်ဒဏ်ရာ ရပါတယ်။ ”

သေဆုံးသူတွေကို သီပေါမြို့နယ်နယ်စည်းမခြား ပရဟိတအသင်းက သွားရောက်ကူညီခဲ့ကြောင်းလည်း အသင်းတာဝန်ရှိသူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေကို ကာကွယ်ဖို့ လေယာဉ်ဆီ တင်သွင်းတာတွေကို ပိတ်ပင်ဖို့ လိုအပ်နေကြောင်း တအန်းအမျိုးသမီးအဖွဲ့ TWO က ပြောရေးဆိုခွင့်ရှိသူက အခုလို တိုက်တွန်းထားပါတယ်။
“ ကျမတို့က တောက်လျောက်လည်း တောင်းဆိုလာနေတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် မြန်မာပြည်တွင်းမှာ လုံး၀ လေယာဉ်ဆီပြတ်တောက်တဲ့ အဆင့်ထိ လုပ်နိုင်မယ်ဆိုရင် တဖက်တလမ်းကနေ ကာကွယ်ပေးနိုင် မယ်လို့ မျှော်လင့်တာပေါ့နော်။ အဲဒါကြောင့် လေယာဉ်ဆီ တင်သွင်းမှုတွေ၊ ထုတ်လုပ်မှုတွေကို လုံး၀ ရပ်တန့်ပေးဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ဒါက မြန်မာပြည်သူ ပြည်သားတွေ တဖက်တလမ်းကနေ ကာကွယ်ပေးနိုင်မယ်လို့ ကျမတို့ မျှော်လင့်တာပေါ့နော်။”

တအန်းအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သြဂုတ်လအတွင်းကလည်း လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ရေးအတွက် တောင်းဆိုထားပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ သြစတေးလျနိုင်ငံတွေပါဝင်တဲ့ QUAD ခေါ် ၄နိုင်ငံထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံကို ဂျက်လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့တာတွေ မလုပ်ဖို့ တိုက်တွန်းကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG