သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးနဲ့ သီပေါအခြေစိုက် ရှမ်းပြည်သူ့စစ်အဖွဲ့တွေ SSPP/SSA နဲ့ ပြန်လည် ပူးပေါင်း


စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းခြင်းအခမ်းအနား (စက်တင်ဘာ ၅၊ ၂၀၂၄)
စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းခြင်းအခမ်းအနား (စက်တင်ဘာ ၅၊ ၂၀၂၄)

စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့က အဖွဲ့ဝင် ၁,၀၀၀ (တထောင်)ခန့်ဟာ ဒီကနေ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းလိုက်ပါတယ်။ စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ လားရှိုးနဲ့ သီပေါဒေသဘက်မှာ အဓိက အခြေစိုက်တဲ့အဖွဲ့ဖြစ်ပြီး ဒီဒေသတွေကို MNDAA ကိုးကန့်တပ်က သိမ်းယူလိုက်တဲ့နောက်မှာ အရင် မိခင်အဖွဲ့ဖြစ်တဲ့ SSPP နဲ့ ပြန်လည် ပူးပေါင်းလိုက်တာလည်း ဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းတဲ့ အခမ်းအနားကို SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ဒီနေ့ (စက်တင်ဘာ ၅ ရက်) မနက်ခင်းက ကျင်းပခဲ့တာပါ။ ဒီလို ပူးပေါင်းလိုက်တဲ့အခြေအနေကို SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က VOA ကို အခုလို ပြောပါတယ်။

“စက်တင်ဘာ ၅ရက်ပေါ့လေ။ ဥက္ကဋ္ဌစဝ်လွယ်မောင်းနဲ့ စိန်ကျော့။ မိုင်းခေးပေါ့လေ။ ပြည်သူ့စစ်ဖြစ်သွားတဲ့ အဖွဲ့ပေါ့ဗျာ။ ဒီဟာတွေက ကျနော်တို့ လာပြီးတော့မှ ပြန်စုတဲ့သဘောပါ။ ပေါင်းတယ်ဆိုတာထက် ကျနော်တို့ မိသားစုချင်း ပြန်စုတဲ့သဘောလို့ ပြောရင် ပိုမှန်လိမ့်မယ် ထင်ပါတယ်ခင်ဗျ။ စိန်ကျော့ဌာနချုပ်နဲ့ မိုင်းခေးပေါ့လေ၊ တထောင်ဝန်းကျင်ပေ့ါဗျာ။ တထောင်ဝန်းကျင် လက်နက်နဲ့ လူနဲ့ပေါ့ဗျာ။ ဝမ်ဟိုင်းမှာ ကျနော်တို့ ၉နာရီကနေ ၁၀နာရီခွဲအထိ ကျနော်တို့ ပြန်လည်စုစည်းရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။”

ပြန်လည်ပေါင်းစည်းလာတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို လက်ရှိ SSPP ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးပန်ဖ ဦးဆောင်ပြီး တပ်ဖွဲ့ဝင်တွေက ကြိုဆိုခဲ့ကြပါတယ်။ လားရှိုးနဲ့ သီပေါဒေသတွေကို MNDAA က သိမ်းလိုက်တဲ့နောက်မှာ စိန်ကျော့နဲ့ မိုင်းခေးပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဘက်တဖက်ကို ရွေးခြယ်ရတဲ့အခြေအနေမှာ အခုလို ဆုံးဖြတ်တာဖြစ်နိုင်ကြောင်း ပြည်ထောင်စု Institute က သုတေသနတာဝန်ခံ ဒေါက်တာ စိုင်းဦးက အခုလို သုံးသပ်ပါတယ်။

“SSPP နဲ့ သူတို့က မိခင်တပ်တဖွဲ့တည်းက လာတာဆိုတော့ အပြန်အလှန် အမြဲတမ်းနားလည်မှု ရှိကြတယ်။ စိန်ကျော့တို့ ဘာတို့က လားရှိုးတဝိုက်တွေမှာ တော်တော်များများ တပ်အင်အားရှိကြတာကိုး။ အခု MNDAA က အဲဒီနေရာတခွင်ကို သိမ်းလိုက်တဲ့အခါကျတော့ MNDAA က ပြည်သူ့စစ်တွေကို ဘယ်လို သတ်မှတ်ရမလဲဆိုတော့ စစ်တပ်နဲ့ ပေါင်းမလား။ သူတို့ တခုခု လုပ်ရတော့မယ်လေ။ ဒီလိုကာလမှာ သူတို့ ဘက်ရွေးလိုက်တာပေါ့နော။ ဆိုတော့ စိန်ကျော့ကျတော့ SSPP နဲ့လည်း နဂိုတည်းက နီးစပ်မှုရှိတယ်ဆိုတော့ မိခင်တပ်ရင်းကို ပြန်ပေါင်းတယ်ဆိုတဲ့ ပုံစံမျိုးကို ရွေးချယ်တာ ဖြစ်ပါလိမ့်မယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းလိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ (စက်တင်ဘာ ၅၊ ၂၀၂၄)
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းလိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ (စက်တင်ဘာ ၅၊ ၂၀၂၄)

စိန့်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ SSPP ကနေ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၁၉၈၉ခု နှစ်မှာ SSPP/SSA မြောက်ပိုင်းဟာ ယခင် စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တာပါ။၂၀၀၉ခုနှစ်မှာ ၂၀၀၈ဖွဲ့စည်းပုံအရ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းစေခဲ့ရာမှာ SSPP ဥက္ကဋ္ဌစဝ်လွယ်မောင်း ဦးဆောင်တဲ့ စိန်ကျော့ဌာချုပ်နဲ့ တပ်မဟာ ၃က စိန်ကျော့နဲ့ မိုင်းခေးပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့သလို ဒုဥက္ကဋ္ဌစဝ်ကိုင်ဖ ဦးဆောင်တဲ့ ကာလိပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ကတော့ ပြည်သူ့စစ်ဖွဲ့စည်းရေးကို လက်မခံဘဲ SSPP/SSA မြောက်ပိုင်းအဖြစ် ဆက်လက်ရပ်တည်ခဲ့တဲ့နောက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၂ခုနှစ်မှာတော့ SSPP/SSA မြောက်ပိုင်း ဟာ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရနဲ့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်တွေမှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးမပါဝင်တာကြောင့် ၂၀၁၅ခုနှစ် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကိုတော့ ပါဝင် လက်မှတ် မရေးထိုးခဲ့ပါဘူး။ SSPP/SSA မြောက်ပိုင်းဟာ UWSA ၀ နဲ့ KIA ကချင်အပါအဝင် တရုတ်နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့ ပါဝင်တဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့မှာလည်း အဖွဲ့ဝင် ဖြစ်ပါတယ်။

အခုအခါမှာတော့ ယခင်ပြည်သူ့စစ်အသွင်ပြောင်းခဲ့တဲ့ စိန်ကျော့နဲ့ မိုင်းခေးပြည်သူ့စစ်အဖွဲ့တွေက SSPP/SSA မြောက်ပိုင်းနဲ့ ပြန်လည် ပူးပေါင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ SSPP/SSA မြောက်ပိုင်းဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပြီး ရှမ်းတပ်အချင်းချင်း တိုက်ခိုက်နေတဲ့အပေါ် ရှမ်းလူထုက ဝေဖန်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG