သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး တရုတ်လွှမ်းမိုးမှု ရေရှည်အဖြေမရနိုင်လို့ ပညာရှင်တချို့သုံးသပ် 


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာတွေ့ဆုံ (ဩဂုတ် ၁၄၊ ၂၀၂၄)

တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ ဆက်တိုက် နေပြည်တော် ခရီးပေါက်နေပြီး မြန်မာ့ပဋိပက္ခဖြေရှင်းရေး သူ့ရဲ့ သြဇာကိုအသုံးချဖို့ ကြိုးစားနေတယ်လို့ သုံးသပ်မှုတွေရှိနေချိန်မှာပဲ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက လွှမ်းမိုးချုပ်ကိုင်ထားတာက ရေရှည်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒေသတွင်းပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမှာက တရုတ်မဟုတ်ဘူးလို့လည်း နောက်ထပ် ဝါရင့်မြန်မာ့အရေးလေ့လာသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။

တရုတ် အထူးသံတမန်ရောက်လာပြီး ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ နေပြည်တော်ကိုထပ်ရောက်လာတာကြောင့် မြန်မာ့ အရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍအပေါ် သုံးသပ်မှုတွေပိုတိုးလာနေတာပါ။ မြန်မာပြည်ရဲ့ ဖက်ဒရယ်နိုင်ငံရေးအကြောင်း စာအုပ်ရေးသားသူ ထိုင်းပါမောက္ခ Dulyapak Preecharush ကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရေရှည်အတွက်ဆိုရင်တော့ တရုတ်နိုင်ငံထက်စာရင် တခြား နိုင်ငံအစုအဖွဲ့တွေက ပိုပြီး ပါဝင်သင့်တယ်လို့ ထောက်ပြပါတယ်။

“တရုတ်နိုင်ငံကပဲ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှမ်းမိုးချုပ်ကိုင်ထားတာက ရေရှည်မှာ ပဋိပက္ခကိုဖြေရှင်းနိုင်မယ့်အဖြေမဟုတ်ဘူးလို့ ထင်ပါတယ်။ ရေရှည်မှာ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက် ပြည်တွင်းပြည်ပ တခြား မတူကွဲပြားတဲ့အစုအဖွဲ့တွေရဲ့ အကူအညီလိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုကင်းမဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဘယ်လိုဖန်တီးမလဲဆိုတာ ဆွေးနွေးတဲ့အခါမှာ အမေရိကန်၊ အိန္ဒိယ၊ မလေးရှားနဲ့ တခြား ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့နိုင်ငံမျိုးတွေကသာ ပဋိပက္ခဖြေရှင်းရာမှာ စံနမူနာပြဖြစ်နိုင်တာပါ။ တရုတ်နိုင်ငံဆိုရင်တော့ မဖြစ်နိုင်ဘူး။ တရုတ်မှာက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ကျင့်သုံးနေတာ မဟုတ်ပါဘူး။ ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့ တပြည်ထောင်စနစ်ပါ။”

အထူးသဖြင့် ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့အာဆီယံ ဒေသတွင်းက မလေးရှားနိုင်ငံလို မတူကွဲပြားတဲ့ ဖယ်ဒရယ်အုပ်ချုပ်ပုံစနစ်တွေရှိတဲ့ နိုင်ငံမျိုးတွေဆီက ပိုပြီး လက်တွေ့ကျပြီး ပြဿနာဖြေရှင်းနိုင်တဲ့ လေ့လာသင်ယူမှုတွေလုပ်သင့်တယ်လို့ သူကထောက်ပြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အထူးသဖြင့် UWSA (‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်) လွှမ်းမိုးမှုအောက်က ရှမ်းပြည်မြောက်ပိုင်းနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့ အတွက်ဆိုရင်တော့ လေ့လာနိုင်တဲ့ အတွေ့အကြုံကောင်းတချို့ကို ပေးကောင်း ပေးနိုင်တယ်လို့ သူက ယူဆပါတယ်။

"ဥပမာ ပြည်နယ် အခွဲပုံစံမျိုး ဒါမှမဟုတ် ပြည်သစ် ဘယ်လို တည်ဆောက်မလဲဆိုတာနဲ့ ပတ်သက်လို့ပါ။ တရုတ်ပြည်မကြီးနဲ့ဟောင်ကောင်၊ မကာအိုတို့လို အထူးအုပ်ချုပ်ရေးဒေသလိုမျိုးပါ။ ဆိုလိုတာက တရုတ်နိုင်ငံနဲ့ ဗျူဟာမြောက် ဆက်သွယ်မှုရှိတဲ့ရှမ်းပြည်မြောက်ပိုင်း ဒေသတချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တနိုင်ငံ စနစ်နှစ်မျိုးပုံစံမျိုးနဲ့ သင့်လျော်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူတို့က ပဋိပက္ခဖြေရှင်းရေးမှာ တရုတ်ပုံစံ အတိုင်း စံနမူနာပြု လိုက်လုပ်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်တွင်းအခြေစိုက် ဝါရင့် တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတဦးကတော့ UWSA ‘ဝ’ တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းညီနောင် တိုင်းရင်းသားအဖွဲ့တွေက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ အုပ်ချုပ်ခွင့်ကို ဆက်လက်ကိုင်စွဲမှာဖြစ်ပေမယ့် တရုတ်ပုံစံ တပြည်ထောင် စနစ်မျိုး လိုလားပုံမရဘူးလို့ သုံးသပ်ပါတယ်။ တရုတ်ပြည်မှာ လူမျိုးစုငယ်တွေရဲ့အခွင့်အရေး ကန့်သတ်ခံရတာကို ဒီအဖွဲ့တွေက ကောင်းကောင်းနားလည် တယ်လို့ သူက ထောက်ပြပါတယ်။

ဒါ့အပြင် နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်ရဲ့ သြဇာကလည်း အကန့်အသတ် ရှိလာနေတယ်ဆိုတာကို ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းက ပြနေတယ်လို့ သူက ဗွီအိုအေကို ပြောပါတယ်။ တရုတ် ကြားဝင် စေ့စပ်မှုကြောင့် ယာယီရပ်တန့်ခဲ့ရတဲ့ထိုးစစ်ကိုပြန်စဖို့မှာ တရုတ်အပေါ် ထောက်ထားရမှာတွေရှိလို့ စစ်ကောင်စီရဲ့ ရန်စတဲ့လုပ်ရပ်တွေအပေါ် အကြောင်းပြပြီးမှသာ ပြန်စခဲ့ရတာဖြစ်ပေမယ့် အခု နောက်တခေါက် ရပ်ဖို့မှာတော့ တရုတ်မျက်နှာထက် နိုင်ငံရေးအရ ပိုကြည့်ဖို့ များလာတယ်လို့ သူကယူဆပါတယ်။

တရုတ်ပြည် အခြေစိုက် ဝါရင့် နိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း မြောက်ပိုင်းညီနောင်အဖွဲ့က နိုင်ငံရေးကိုကောင်းကောင်သိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မြောက်ပိုင်းအဖွဲ့တို့ ဘာတို့က တော်တော် လုပ်တတ်ကိုင်တတ်သွားပြီ။ ဒါကြောင့်မလို့ ၁၀၂၇ ဒုတိယအကြိမ် စတဲ့အခါမှာ တအာင်းပဲဖြစ်ဖြစ်၊ MNDAA (ကိုးကန့်) ပဲ ဖြစ်ဖြစ် သူတို့က သည်းညည်းခံနေပါတယ်။ စ-က-စ (စစ်ကောင်စီ) က စတာပါ ဆိုတဲ့ဟာမျိုးကို ဖြစ်အောင် စောင့်နေကြတယ်။ စစ်ကောင်စီက လေယာဥ်ဗုံးကြဲတာတို့ ဘာတို့ စလုပ်မှ သူတို့က ပြန်တိုက်တာ။ တကယ်တော့ သူတို့က တိုက်ဖို့အစီအစဥ်ရှိပြီးသားပါ။ သူတို့ ဗမာပြည်သူတွေကို ကတိပေးထားတာပဲ၊ သူတို့ ပြီးဆုံးအောင် တိုက်ပါမယ်လို့ ကတိပေးထားတာ။ တရုတ်ကပြောလို့သာ သူတို့ ယာယီ ရပ်ရတာလေ။”

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လက်ရှိတရုတ်သဘောထား
please wait

No media source currently available

0:00 0:10:00 0:00

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တရားဝင်ပြောဆိုချက်မှာတော့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံက လက်မခံကြောင်းပြောတယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

အမည်မဖော်လိုတဲ့ ပြည်တွင်းနိုင်ငံရေး သုံးသပ်သူကတော့ လက်ရှိ အာဏာသိမ်းစစ်တပ်အပေါ် တရုတ်ဘက်က လုံးလုံး ဥပေက္ခာမပြုသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ တပတ်ထဲမှာ တရုတ်နိုင်ငံထိပ်တန်းသံတမန် ၂ ယောက် နေပြည်တော်ကို ဆက်တိုက်ရောက်လာတာအပြင် အကျပ်အတည်း ဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ စကားမပေါက်ဖြစ်နေတာကို သူက ထောက်ပြပါတယ်။တရုတ်ရဲ့ သြဇာက နယ်စပ်ကတိုင်းရင်းသားအဖွဲ့တွေအပေါ်တွေကို သက်ရောက်တယ်ဆိုပေမယ့် အပြည့်အဝမဟုတ်တော့သလိုအာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း ရှမ်းမြောက် စစ်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်အပေါ် အမြင် မကြည်မလင်ဖြစ်နေတယ်လို့သူက ထောက်ပြပါတယ်။

ဒေါက်တာလှကျော်ဇောကလည်း တရုတ်နဲ့ စစ်ကောင်စီကြား ဆက်ပြီး ညှိနှိုင်းရမှာတွေ ရှိနေတယ်လို့ ရှုမြင်ပါတယ်။

“စစ်ကောင်စီလိုချင်တဲ့ရွေးကောက်ပွဲလိုဟာမျိုးနဲ့ တရုတ်ကလိုချင်တဲ့၊ ဖြစ်စေချင်တဲ့ရွေးကောက်ပွဲက တူနိုင်မှာမဟုတ်ဘူး။ အဲဒါတွေက ညှိနေရတုန်းဖြစ်မယ်။ ဝမ်ယိတို့ဘာတို့ လာတာကလည်း ဒီလိုတော့ ရှိတယ်။ စစ်တပ်နဲ့ ဆက်ဆံရေးတင်းမာသွားမှာကို စိုးလို့ဖြစ်မှာပေါ့။ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်တို့ကလည်း ပါးတယ်လေ၊ တရုတ်နိုင်ငံလို့ မပြောပေမယ့် နောက်နေ့ကျ လူထုဆန္ဒပြပွဲကြီး လုပ်ပစ်လိုက်တာကို။ စစ်တပ်နဲ့ ဆက်ဆံရေးပျော့ပျောင်းသွားအောင်လို့ ထင်ပါတယ်။”

တရုတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးမူဝါဒအရတော့ ပြဿနာဖြစ်နေတဲ့ နိုင်ငံတနိုင်ငံက အစုအဖွဲ့တွေကိုဆက်ဆံတဲ့အခါမှာ Double Standard စံချိန် စံညွှန်း နှစ်ခုမထားဘူးဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရားဝင်ထုတ်ပြောထားသလို တရုတ်ဘက်က မြန်မာပြည်မှာလည်း နှစ်ဘက်စလုံးကို စစ်ရပ်ပြီး ဆွေးနွေးအဖြေရှာဖို့ ဆက်လက် တိုက်တွန်းနေမှာဖြစ်ပေမယ့် ဒါက မြန်မာပြည်အတွက် အဖြေမဟုတ်ဘူးလို့ ဒေါက်တာ လှကျော်ဇောက ယူဆပါတယ်။

“ဗမာပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာ ဝမ်ယိလည်း မဟုတ်ဘူး၊ တရုတ်လည်း မဟုတ်ဘူး၊ ရုရှားလည်း မဟုတ်ဘူး၊ ကျမတို့ ပြည်သူတွေပဲ။ ပြည်သူတွေက ဘာပဲဖြစ်ဖြစ် နိဂုံးချုပ်ချက်တရပ် ရထားပြီးပြီ။ စစ်အာဏာရှင်စနစ်ကိုအပြတ်တိုက်ရမယ်ဆိုတာ၊ အဲဒီဟာကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။”

နိုင်ငံရေးဗဟိုချက်မ နေပြည်တော်မှာ ပြည့်ဝတဲ့ ပြည်ထောင်စုစနစ်ကျင့်သုံးတဲ့ အစိုးရတရပ်မရှိသရွေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခု နယ်မြေတွေ ရယူထားပေမယ့် ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် ရေရှည်လုံခြုံတဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ စနစ်တည်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းနားလည်ထားတယ်လို့ ဗွီအိုအေက မေးမြန်းတဲ့တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တဘက်မှာလည်း အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးအရ မြန်မာ့အရေးမှာ တရုတ်နိုင်ငံအပါအဝင် ပြည်ပကပါဝင်မှုတွေက ဆက်လက်ရှိနေဦးမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် မြန်မာပြည်သူတွေလိုလားတာက စစ်တပ်အပြောင်းအလဲမဟုတ်ဘဲ စနစ်အပြောင်းအလဲသာဖြစ်ကြောင်း လေ့လာသူတွေက ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG