သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဖြစ်တဲ့နေရာတွေရှောင်ပြီး တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးပြန်စဖို့ စစ်ကောင်စီ ပြင်ဆင်နေ


မယ်ဆိုင်-တာချီလိတ် ထိုင်းနယ်စပ်ဂိတ်တံတား(၁) (ယခင်ပုံဟောင်း)
မယ်ဆိုင်-တာချီလိတ် ထိုင်းနယ်စပ်ဂိတ်တံတား(၁) (ယခင်ပုံဟောင်း)

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပဋိပက္ခတွေပြင်းထန်နေတဲ့အတွက် အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပိတ်ဆို့နေချိန်မှာ စစ်ကောင်စီဟာ တရုတ်နဲ့ ကုန်သွယ်ရေး လမ်ကြောင်းသစ်တခုကို စစ်မဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ ပြန်စတင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့အဓိက ကုန်သွယ်လမ်းမကြီးဖြစ်တဲ့ တရုတ်-မြန်မာ မူဆယ် နယ်စပ်ကုန်သွယ်ရေးကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကနေ တရုတ်နဲ့ ကုန်သွယ်ရေးကို ပြန်စတင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာန တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တာချီလိတ်မြို့ကို ရောက်လာပြီး တရုတ်နဲ့ ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းရင်းမြစ်ကိုအခြေခံပြီး ကုန်သည်တွေက ပြောပါတယ်။

တနှစ်ကို အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်လောက် ရရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဒေသကို မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ ထိန်းချုပ်အပြီး စစ်ကောင်စီဘက်က အခုလို အစီအစဉ်ကို ကြိုးစားလာတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါဟာ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ်ဖြစ်ပြီး မကြာခင် စတင်နိုင်လိမ့်မယ်လို့ စစ်ကောင်စီ သတင်းအရင်းအမြစ်နဲ့ နီးစပ်သူလည်းဖြစ်၊ နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဒေါက်တာအောင်မျိုးက ဗွီအိုအေကို ပြောပါတယ်။

လာအိုနဲ့ မြန်မာ ဆက်သွယ်ထားတဲ့ တံတားတခုကို ဒီနှစ် ဇန်နဝါရီလ ၂၅ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်နဲ့ကုန်သွယ်ဖို့ဆိုရင် 'ဝ'နဲ့ မိုင်းလား ဒေသကို မဖြတ်ဘဲ လာအိုနိုင်ငံ ကတဆင့် တရုတ်နဲ့ ကုန်သွယ်နိုင်မယ်လို့ သူကပြောပါတယ်။

"MNDAA တို့၊ ကိုးကန့်တို့၊ ပလောင်တို့၊ KIA တို့ ထိန်းချုပ်ထားတဲ့ နေရာတွေကို မဖြတ်ခြင်းအားဖြင့် မြန်မာပြည်မကြီးကို လူဦးရေ သန်း ၅၀ ဈေးကွက်ကြီးကို လာနေတဲ့ဟာကို အခွန်အကောက်ရမှာ၊ သူတို့က ဒါကိုမက်နေတာကိုး။ အဲဒါကို အခွန်အကောက် မရဘဲနဲ့ တရုတ်ကလည်း သူတို့ကိုရေရှည်မှာ ဘယ်သူမှ ပေးမထားနိုင်ဘူး။ သူ့ဖာသာသူ ဝင်ငွေသွားမဲ့စီးကြောင်းကို ဖြတ်တောက်လိုက်တာပဲဖြစ်တယ်။ ဒါက တကယ်လုပ်သင့်လုပ်ထိုက်တဲ့ အချက်ဖြစ်ပြီးတော့ တရုတ်နဲ့ မြန်မာကြားမှာ ပွတ်တိုက်မှုတွေကိုလည်း ကျနော်တို့က ရှောင်ရှားရာရောက်တယ်။ 'ဝ' ဘက်က ဖြတ်ချသွားတယ်ဆိုရင်တော့ 'ဝ'နဲ့ မိုင်းလားကလည်း အရမ်းကြိုဆိုတာပေါ့နော်။ သူတို့လည်း ဒီက အကျိုးခံစားရမယ် ဒီလိုလည်း သွားလို့ရတယ်။ သူတို့ကို ရှောင်ပြီး ကျနော်တို့က မြန်မာနဲ့လာအိုက တံတားက ဆောက်ပြီးသွားပြီလေ။ တာချီလိတ်ရဲ့ မြောက်ဘက်က အဲလမ်းက တောက်လျှောက် ဗီယက်နမ်ကိုလည်း ရွေးချယ်လို့ရတယ်၊ တရုတ်ကလည်း ပြန်ဆက်သွယ်လို့ရတယ်။"

ဒါမှမဟုတ် မဲခေါင်မြစ်ကနေ တရုတ်နိုင်ငံ တာ့လီမြို့အထိ၊ ဒါမှမဟုတ် ရထားလမ်းနဲ့ဖြစ်ဖြစ် ကုန်သွယ်ဖို့ နည်းလမ်းရှိသေးတယ်လို့ သူကပြောပါတယ်။ တာချီလိတ်မြို့ဟာ စစ်ပွဲတွေမရှိသေးပေမဲ့ UWSA 'ဝ' လက်နက်ကိုင်၊ NDAA မိုင်းလား လက်နက်ကိုင်လို တရုတ်ဩဇာမကင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လွှမ်းမိုးမှုလည်း အထိုက်အလျှောက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ တချို့ ကုန်သည်တွေကတော့ တရုတ်နဲ့ကုန်သွယ်ဖို့ NDAA ရဲ့ မိုင်းလား နယ်စပ်ဂိတ်ကို အသုံးပြုကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးက အိန္ဒိယရော၊ ထိုင်းနဲ့ပါ လက်ရှိနိုင်ငံရေး အခြေအနေအရ အဆင်မပြေသေးကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ဒုတိယ အဓိကကျတဲ့ အာရှလမ်းမကြီးမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် သုံးလို့မရသေးပါဘူး။ ဒါကြောင့် စစ်ကောင်စီကတော့ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ဖို့အတွက် ရေလမ်းသစ်ကို ပြောင်းလဲ အသုံးပြုလာပါတယ်။ ရန်ကုန်က အကောက်ခွန်ဆိပ်ကမ်းတွေကို အသုံးပြုပြီး ရန်ကုန်-ကော့သောင်း-ရနောင်း ဒီရေလမ်းခရီးနဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေးကို မကြာသေးခင်က ပြောင်းလဲလိုက်တာပါ။

ဒါပေမဲ့ ထိုင်းကလာတဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေကတော့ မြဝတီ တောလမ်းတွေကနေ ပြည်တွင်းကို ဝင်နေတုန်းဖြစ်ပါတယ်။ စစ်ရှောင်လမ်းတွေကလည်း မိုးတွင်းကာလမှာ အဆင်မပြေဘူးလို့ ထိုင်းနယ်စပ်က မြန်မာလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ဈေးကြီးတယ်၊ နည်းနည်းလေး အချိန်ကြာတယ်။ ရတဲ့လမ်းကသွားတယ် ကျနော်တို့ကတော့၊ တလမ်းတည်းတော့ မဟုတ်ဘူး။ လမ်းဟောင်းတွေ၊ တခြားလမ်းတွေရှိမယ်၊ ရတဲ့လမ်းကသွားတယ်။ မပိတ်တဲ့လမ်းက၊ လမ်းမပျက်တဲ့လမ်းက၊ ကားမနာမဲ့လမ်းကို ရွေးပြီးသွားတယ်ပေါ့။"

စစ်ကောင်စီရဲ့ ၂၀၂၄ခုနှစ် ဘဏ္ဍာ သက်တမ်းကာလအတွင်း ဧပြီလ ၁ရက်နေ့ကနေ ဇူလိုင်၅ရက်အထိ အိန္ဒိယကို ပဲမျိုးစုံတန်ချိန် ၇ သိန်းကျော် တင်ပို့ထားပါတယ်။ တန်ချိန်အများစုကို ရေလမ်းကနေပဲပို့ခဲ့တာဖြစ်ပြီး မြန်မာဘက်က အမေရိကန်ဒေါ်လာ ၆၀၉ သန်းလောက် ရရှိခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေရဖို့အတွက် ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ငွေကြေးချင်း တိုက်ရိုက်ကုန်သွယ်နေတာဖြစ်ပါတယ်။ မကြာသေးခင်ကပဲ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က မြန်မာကို ပေးစရာရှိတဲ့ ရူးပီးငွေ တကုဋေ စစ်ကောင်စီကို လွှဲပြောင်းခဲ့ကြောင်း ရန်ကုန် အိန္ဒိယသံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG