သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ငွေကြေးအလွှဲအပြောင်း ထိုင်း SCB ဘဏ်ရှင်းလင်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Commercial ဘဏ် (SCB) ရုံးချုပ် (နိုဝင်ဘာ ၃၊ ၂၀၂၁))
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Commercial ဘဏ် (SCB) ရုံးချုပ် (နိုဝင်ဘာ ၃၊ ၂၀၂၁))

ထိုင်းနဲ့ မြန်မာနိုင်ငံကြား ငွေကြေးအလွှဲအပြောင်းလုပ်မှုတွေမှာ တရားမဝင်လုပ်ခဲ့တာ မရှိဘူးလို့ Siam Commercial Bank (SCB) က ရှင်းလင်း တုံ့ပြန်လိုက်ပါတယ်။ မြန်မာစစ်ကောင်စီအတွက် ထိုင်းဘဏ်တွေဟာ နိုင်ငံတကာနဲ့ အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်Tom Andrews က ဇွန်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးနောက် SBC ဘဏ်က ခုလို တုံ့ပြန်လိုက်တာပါ။

အစီရင်ခံစာထွက်လာပြီးနောက် ဘဏ်တွင်းစုံစမ်းမှုတွေလုပ်ခဲ့တာမှာ ကော်ပိုရိတ်လုပ်ငန်းတွေလုပ်ခဲ့တဲ့ ငွေအရွှေ့အပြောင်းတွေဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ စွမ်းအင်ဆိုင်ရာအတွက် လုပ်ခဲ့တာတွေ့ရပြီး ဒါတွေဟာ ပုံမှန်စီးပွားရေးလုပ်ငန်းတွေ လုပ်လေ့ရှိတဲ့ အရွှေ့အပြောင်းတွေဖြစ်တယ်လို့ SCB ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီငွေကြေးလွှဲပြောင်းမှုတွေဟာ သတင်းတွေထဲမှာ ဖော်ပြသလို လက်နက်အရောင်းအဝယ်တွေနဲ့ ဆက်စပ်မှု မရှိတဲ့အပြင် ငွေကြေးပမာဏဟာလည်း ပြီးခဲ့တဲ့နှစ်ကထက် သိသိသာသာ များလာတာ မရှိဘူးလို့ ထောက်ပြ တုံ့ပြန်ပါတယ်။

Siam Commercial Bank ဘဏ်အနေနဲ့ လုပ်ငန်းဝန်ဆောင်မှုတွေကို ဥပဒေနဲ့အညီဆောင်ရွက်နေပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေအတိုင်း လိုက်နာကျင့်သုံး လုပ်ကိုင်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စင်္ကာပူနိုင်ငံက ထိပ်တန်းဘဏ်တွေမှာ မြန်မာနဲ့ဆက်စပ်တဲ့ ဘဏ်စာရင်းတွေကို အစိုးရ စိစစ်တင်းကြပ်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုတွေမှာ ငွေပေးချေနိုင်ဖို့ နိုင်ငံတကာ ဘဏ်စနစ်တွေနဲ့ ချိတ်ဆက်လွှဲပြောင်းနိုင်ဖို့ ထိုင်းဘဏ်တွေကို အစားထိုးအသုံးပြုလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက ဒေါ်လာသန်း ၁၂၀ ကျော်ဖိုးလက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီလုပ်ငန်းတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောထားပါတယ်။ ဒီပမာဏဟာ ၂၀၂၂ ခုနှစ်ကထက် ၂ ဆ များလာတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ SCB ဘဏ်ကို သုံးပြီး စစ်လက်နက် ဝယ်ယူဖို့ လွှဲပြောင်းတဲ့ ပမာဏဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ငါးသန်းက ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ကုန်မှာ သန်း ၁၀၀ အထိ တိုးလာခဲ့တယ်လို့ Tom Andrews ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG