ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်တခုလုံးကို AA အရက္ခတပ်တော်က အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ AA ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ လက်ကျန်စခန်းတွေကိုလည်း A ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ရခိုင်တိုက်ပွဲ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ် ပြောပြမှာပါ။
AA အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်အတွင်းမောင်တောမြို့နယ်ကို သိမ်းပြီး မကြာခင်မှာပဲ၊ တောင်ကုတ်မြို့ကို ထပ်မံသိမ်းယူလိုက်တာပါ။ တောင်ကုတ်မြို့နယ်တခုလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းမှာ အပြီးသိမ်းပိုက်လိုက်တာဖြစ်ပြီး၊ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“တောင်ကုတ်မြို့ အခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စကခ ၅ တပ်မဌာနချုပ်ကို မနေ့က ညနေ ၄နာရီဆယ်မိနစ်လောက်မှာ အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ပြီးဖြစ်ပါတယ်၊ အဲဒီကနေ ထွက် ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းပဲ လိုက်လံ ဖမ်းဆီး ရှင်းလင်းနေတာရှိပါတယ်၊ အခုဆိုရင်တော့ တောင်ကုတ်မြို့နယ် တခုလုံးကို အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ပြီးပြီဖြစ်ပါတယ်။”
ရခိုင်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း AA ဘက် က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်း ခိုင်သုခ က ပြောပါတယ်။
“ ဂွမြို့တိုက်ပွဲအခြေအနေကတော့ ဂွမြို့အဝမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းနေရာတွေ နောက်ပြီးတော့ ဂွမြို့အနီးတဝိုက်မှာရှိတဲ့တိုက်ပွဲတွေ ဆက်လက်ပြီးတော့ အပြင်းအထန်ဖြစ်နေတာရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ ရေကြောင်းပစ်ကူတွေ လက်နက်ကြီးပစ်ကူတွေအမြောက်အများသုံး ပြီးတော့မှ ဆက်လက်ခုခံနေတာရှိပါတယ်။”
ရခိုင်ပြည်နယ်အလယ်ပိုင်းအမ်းမြို့နယ်အတွင်းက တခုတည်းကျန်ရှိနေသေးတဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုလည်းထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
“ အမ်းမြို့ကတိုက်ပွဲ အခြေအနေကတော့ နောက်ဆုံးကျန်နေတဲ့ နပခ ဌာနချုပ်ကို အပြီးသတ်သိမ်း ပိုက်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ရှင်းလင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ”
ရခိုင်ပြည်နည်မှာ စစ်ကောင်စီနဲ့အာရက္ခတပ်တော် AA ကြားပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကစပြီးတော့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုဆိုရင် ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၂ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် အမ်းနဲ့ ဂွ မြို့နယ်တွေလက်ရှိမှာ AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကိုလည်း AA တပ်တွေပိတ်ဆို့ထားပါတယ်။ တောင်ကုတ်ကို AA ထိန်းချုပ်လိုက်တဲ့သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ပြောဆိုမှုမရှိပါဘူး။
Forum