သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ကျန်းမာရေးပြဿနာနဲ့ကြုံ ​​​​​​​


အရေးအပြားရောဂါဖြစ်နေကြတဲ့ ရခိုင်တောင်ပိုင်း စစ်ဘေးဒုက္ခသည်များ။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄/ဓာတ်ပုံ-ဝေဟင်အောင်)
အရေးအပြားရောဂါဖြစ်နေကြတဲ့ ရခိုင်တောင်ပိုင်း စစ်ဘေးဒုက္ခသည်များ။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄/ဓာတ်ပုံ-ဝေဟင်အောင်)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတာနဲ့အမျှ နေရပ်စွန့်ခွာရသူတွေ တိုးလာနေပြီး ကျန်းမာရေး ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ စစ်ရေးပဋိပက္ခကြားမှာ ဒုက္ခသည်တွေဟာ အရေပြားရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပြီး ဆေးဝါးရရှိဖို့ အခက်ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေး ပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေကြာရှည်လာတာနဲ့အမျှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးဒုက္ခသည်အရေအတွက်ဟာလည်း တနေ့ထက်တနေ့ ပိုများလာနေတာပါ။ အဲဒီထဲကတချို့စစ်ဘေးဒုက္ခသည်တွေဟာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင် ကြတာရှိသလို လက်ရှိတိုက်ပွဲပြင်းထန်နေဆဲ မြို့တွေထဲက ဒုက္ခသည်တွေကတော့ တောတောင်တွေ ထဲမှာ ဖြစ်သလို စားသောက်နေထိုင်နေရတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ ကိုဝေဟင်အောင်ကပြောပါတယ်။

“လက်ရှိ ရခိုင်ပြည်နယ်မှာက စစ်ဘေးရှောင်တွေက ပုံစံသုံးမျိုးလောက်ရှိတယ်ပေါ့နော်၊ စစ်ဘေးရှောင် စခန်းတွေမှာနေတဲ့ စစ်ဘေးရှောင်တွေရှိမယ်။ နောက်တခုကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေတဲ့သူတွေရှိမယ်၊ နောက်တခုကတော့ တောတွေ တောင်တွေထဲမှာ ဖြစ်သလို ကြုံရာကျဘန်း နေကြတဲ့ စစ်ဘေးရှောင်တွေရှိမယ်၊ အဲဒီထဲမှာ တောထဲမှာနေတဲ့ စစ်ဘေးရှောင်တွေကကျတော့ အမ်းတို့၊ တောင်ကုတ်တို့၊ ဂွတို့ ဘက်က စစ်ဘေးရှောင်တွေများတယ်။ အဲဒီနေရာတွေက လတ်တလော စစ်ဖြစ်တဲ့နေရာတွေလည်းဖြစ်တယ်ခင်ဗျာ။”

လက်ရှိကာလဟာ ဆောင်းရာသီဖြစ်သလို ဒုက္ခသည်တွေအတွက် စောင်နဲ့ အနွေးထည်တွေ မရှိ တာကြောင့်လည်း စစ်ဘေးဒုက္ခသည်ထဲက သက်ကြီးပိုင်းတချို့ အအေးဒဏ်ကြောင့် သေဆုံး တာတွေရှိနေ တယ်လို့ သူကဆက်ပြေပါတယ်။

“အဲဒီစစ်ဘေးရှောင်တွေက စားရေးသောက်ရေးလည်း ခက်ခဲသလို နေရေးထိုင်ရေးလည်း တော်တော် ခက်ခဲတယ်။အထူးသဖြင့်ဆောင်းရာသီဆိုတော့ သူတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုက တော်တော်လေး စိုးရိမ်ဖို့ကောင်းတယ်၊ ဒီကြားထဲမှာ ငှက်ဖျားဖြစ်တဲ့ လူနာတွေရှိတယ်ဆိုပြီးတော့လည်း ကျနော်တို့ ကြားတယ်။ မနေ့ကပဲ ကျနော့်ဆီကို ဖုန်းနဲ့အဆက်အသွယ်လုပ်ပြီးတော့ အကူအညီတောင်းလာတာ ရှိတယ်။ အသက် ၇၀ လောက်ရှိတဲ့အဘွားတဦး အအေးပတ်ပြီးတော့ ဆုံးတယ်ဆိုပြီး သတင်းစကား ရောက်လာတာရှိတယ်။”

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ ရခိုင်တောင်ပိုင်းက တောင်ကုတ်နဲ့ဂွမြို့နယ်တွေက စစ်ဘေး ဒုက္ခသည်စခန်းတွေမှာအရေးအပြားရောဂါြဖစ်နေပြီး အခက်ကြုံနေရတယ်လို့ ရခိုင်စစ်ဘေး ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ကိုဝေဟင်အောင် ကပြောပါတယ်။

“နောက်ပိုင်းတွေ့ရတာကတော့ ဝဲပေါက်တဲ့သူတွေ၊ ယားနာပေါက်တဲ့ သူတွေ တော်တော်များများ တွေ့ရတယ်။ ဒီရက်ပိုင်းမှာဆိုရင် တောင်ကုတ်မြို့နယ်ဘက်က အကူအညီတောင်းလာတာက သိသိသာ သာများတယ်၊ အထူးသဖြင့် ယားနာပေါက်တဲ့ကလေးသူငယ်တွေအတွက် ဆေးဝါးအကူအညီ တောင်းလာသူတွေလည်းများတယ်။”

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှုနဲ့ ဆေဝါးတင်သွင်းခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့လည်း ပြောပါတယ်။

“ဆေးဝါးရရှိမှုကတော့ လုံးဝအခက်အခဲရှိတယ်ခင်ဗျာ၊ စစ်ကောင်စီဘက်က လမ်းတွေအကုန်လုံးကို ပိတ်လိုက်ပြီးကတည်းက ကျနော်တို့မှာ ဆေးဝါးပြတ်လပ်မှုက ဆိုးဆိုးရွားရွား အခြေအနေရှိတယ်၊ အာရက္ခတပ်တော်ဘက်တော့တတ်နိုင်သမျှကြိုးစားပြီးတော့ နီးစပ်ရာပြည်နယ်တွေနဲ့ နိုင်ငံတချို့က ဆေးဝါးရရှိဖို့ ကြိုးစားပြီးတော့ လုပ်ဆောင်တဲ့အပိုင်းတွေရှိပေမယ့်လည်း လုံလောက်မှုအပိုင်းတော့ မရှိဘူးခင်ဗျာ။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၃ ရက်နေ့က တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာြဖစ်ပြီး ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းပစ်ခတ်တာတွေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ထောင်နဲ့ချီရှိနေသလို တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၅ သိန်းနီးပါးအထိရှိ တယ်လို့လည်း စစ်ဘေးဒုက္ခ သည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG