သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီကျဆုံးကြောင်း AA အဖွဲ့ထုတ်ပြန်


အာရက္ခပြည်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်က အပြီးသိမ်းပိုက်လိုက်ကြောင်း ဒီဇင်ဘာ ၈ ရက်က ဖော်ပြလိုက်တဲ့ မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ- AA Info Desk/ ဒီဇင်ဘာ ၁၁၊ ၂၀၂၄)
အာရက္ခပြည်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်က အပြီးသိမ်းပိုက်လိုက်ကြောင်း ဒီဇင်ဘာ ၈ ရက်က ဖော်ပြလိုက်တဲ့ မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ- AA Info Desk/ ဒီဇင်ဘာ ၁၁၊ ၂၀၂၄)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ-၅ ကို ဒီသီတင်းပတ် အစောပိုင်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး အရာရှိတချို့ အပါအဝင် ဖမ်းဆီးရမိတာတွေ ရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ဘက်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ-၅ စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်နေ့ကစ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ရက်ပေါင်း (၅၅) ရက်အကြာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း AA အဖွဲ့က ကြေညာခဲ့ပါတယ်။

နခခ-၅ တိုက်ပွဲအတွင်း AA ဘက်က ကောက်ယူထားတဲ့ စာရင်းအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄၅၀) အထက် သေဆုံးခဲ့သလို ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင်အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားကို ဖမ်းဆီးရမိခဲ့သလို RSO၊ ARSA၊ ARA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်ကျဆုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေနဲ့အတူ စခန်းကျသွားကြောင်း AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ လတ်တလော သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေ မြေဇာပင်ဖြစ်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာပါ။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ အခုနောက်ထပ် အဆိုးဆုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG