ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်ကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အမ်း၊တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA ဘက်က ပြောပါတယ်။ ဒါ့အပြင် မောင်တောတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စကခ ၁၅ ရဲ့တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုလည်းဖမ်းဆီးထားတယ်လို့လည်း AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်က သတင်းပေးပို့ထားပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ လအတော်ကြာထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောမြို့နယ်တခုလုံးကို လက်ရှိမှာထိန်းချုပ်ထားနိုင်ပြီးဖြစ်သလို စကခ ၁၅ လို့ အတိုကောက်ခေါ်တဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ကိုလည်းဖမ်းဆီးရမိထားတယ်လို့ AAပြောခွင့်ရ ခိုင်သုခကဗွီအိုအေကို ပြောပါတယ်။
“ မောင်တော နခခ-၅ ကနေ ထွက်ပြေးသွားတဲ့ စကခ ၁၅ ရဲ့တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ကျနော်တို့ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ မကြာခင်ထုတ်ပြန် ပေးသွားဖို့ရှိပါတယ်။”
အဲဒီဖမ်းမိတဲ့ စစ်ကောင်စီတပ်မမှုးဟာ မောင်တောက နယ်ခြားစောင့် တပ်စခန်း နခခ -၅ တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ သိရပါတယ်။ တဆက်တည်းမှာ ရခိုင်အလယ်ပိုင်း အမ်းမြို့နယ်အတွင်းက တခုတည်းကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပင်မစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။
“ အမ်း တောင်ကုတ်နဲ့ ဂွမြို့နယ်ဘက်တွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ အမ်းမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပင်မစခန်းကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ကျနော်တို့ဆက်လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။”
အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ အပါအဝင် အမ်းလေဆိပ်နဲ့ ဌာနဆိုင်ရာရုံးအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့လည်း AAဘက်က ဒီဇင်ဘာလ ၆ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် တောင်ကုတ်နဲ့ ဂွမြို့နယ်အတွင်းမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ တောင်ကုတ်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်စခန်းတော်တော်များများကို သိမ်းပိုက်ထားနိုင်ပြီး စကခ-၅ (အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) တခုသာကျန်တော့တယ်လို့လည်း အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ တောင်ကုတ်မှာလည်းပဲ စကခ-၅ဌာနချုပ်ကို ဆက်လက်ပြီးတော့ ထိုးစစ်ဆင်နေတာရှိပါတယ်၊ ဂွမှာ လည်းပဲ အလားတူပါပဲ ဂွမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ဆက် လက်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက် နေတာရှိပါတယ်။”
မြန်မာစစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်တွင်းက နောက်ဆုံးတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ရော တပ်မမှုးတဦးဖမ်းခံရတာနဲ့ပတ်သက်လို့ပါ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက် နေ့ကစပြီး တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ ဖြစ်သလို လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။ AA ဘက်ကတော့ တိုက်ပွဲကာလ တနှစ်ကျော်အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၁၁ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထားပြီးလည်း ဖြစ်ပါတယ်။
တနှစ်ကျော်တိုက်ပွဲကာလအတွင်း အရပ်သား ထောင်နဲ့ချီသေဆုံးဒဏ်ရာရရှိခဲ့တာရှိသလို၊ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး စားဝတ်နေရေးအခက်အခဲတွေလည်း ရင်ဆိုင်နေကြရပါတယ်။
Forum