မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ကွပ်မျက်သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ပြစ်ဒဏ်ကနေ ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ APHR လူ့အခွင့်ရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလ(၁၉)ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ APHR ရဲ့ ကြေညာချက်မှာ စစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေစည်းမျည်း စံနှုန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်ကပြောပြမှာပါ။
ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရသူ ၅ ဦးကို ဒီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ကြိုးပေးကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက်မှာ APHR လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ကနေ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် ရန်ကုန်မြို့ပတ် ရထားပေါ်မှာ သေနတ်နဲ့ ပစ်ခတ်မှုအတွင်း ပါဝင်ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတဦး အပါအဝင် ၅ ဦးကို စစ်ကောင်စီက ဒီလ ၂၄ ရက်နေ့မှာ ကွပ်မျက်ဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ သူတို့တွေကို အကြမ်းဖက်ဥပဒေ၊ လက်နက်ဥပဒေတို့နဲ့ တရားစွဲဆိုခဲ့ပြီး မသေမချင်း ကြိုးပေးသတ်ဖို့ လှိုင်မြို့နယ် တရားရုံးက အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း သူတို့ကို အင်းစိန်အကျဉ်းထောင် ကြိုးတိုက်မှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် တစုံတရာ မရသေးပါဘူး။
APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ် မလေးရှားပါလီမန်အမတ် Wong Chen ကတော့ စစ်ကောင်စီအနေနဲ့ သဘောထားကွဲလွဲမှုတွေကို နှိမ်နှင်းတာမှာ ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ပြီး ဖိနှိပ်ပြတာက လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ဒီလိုလုပ်တာကို အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ သူကပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Sister 2 Sister အဖွဲ့က မသဉ္ဇာရွန်းလဲ့ရည်ကတော့ စစ်ကောင်စီရဲ့ ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်ကြောင်းနဲ့ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာဟာ သက်ဆိုင်ရာမိသားစုဝင်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် စစ်ကောင်စီက လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
" ဒီလူငယ်တွေကို သေဒဏ်ပေးမယ်ဆိုတဲ့သတင်း စထွက်လာထဲက မိသားစုဝင်တွေ ပြည်သူတွေ ရဲဘော်ရဲဘက်တွေကို စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု နာကျင်မှုတွေဖြစ်စေတယ်။ ဒီသေဒဏ်ပေးမှုက ဘယ်သူကဘဲ ဘယ်နေရာမှာ ဘာအကြောင်းပြချက်ဘဲဖြစ်ဖြစ် ပေးတာကို ဆန့်ကျင်တယ်။ သေဒဏ်ဟာ ၂၁ ရာစုမှာ သေဒဏ်ဟာ မရှိသင့်တဲ့ဟာလို့ယူဆတယ်။ သေဒဏ်ကို ဆန့်ကျင်တာမှာ ကျင့်ဝတ်ပိုင်းအရကော အကျင့်စာရိတ္တပိုင်းအရကော ဥပဒေအရကော နိုင်ငံရေးအရကော လူ့အခွင့်အရေး ရှုထောင့်အရကော ဘက်ပေါင်းစုံကနေ ရှုမြင်ပြီး ကန့်ကွက်တာဖြစ်တယ်။ "
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နာယကဖြစ်သူ ဦးထွန်းကြည်ကလည်း အကျဥ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို ရပ်တန့်နိုင်ရေး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ အခုလို တိုက်တွန်းသွားပါတယ်။
" ကြိုးပေးကွပ်မျက်တာနဲ့ ပတ်သတ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချရုံနဲ့မပြီးဘူး။ ဒါက လူ့အခွင့်အရေးကို အဆိုးဝါးဆုံးချိုးဖောက်နေတာ။ ဒါက အဓမ္မကိစ္စတွေဖြစ်တယ်။ ဥပဒေနဲ့လည်း မညီဘူး။ နိုင်ငံတကာအနေနဲ့ အကြမ်းဖက် စကစကိုတော့ ပြင်းပြင်းထန်ထန် လက်တွေ့ကျတဲ့ မြေပြင်မှာ ထိရောက်တဲ့ ဖိအားပေးမှုတွေကိုတော့ ကျနော်တို့က လိုလားတယ်။ "
ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လတုန်းက လူသိများထင်ရှားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော် အပါအဝင် အရပ်သား ၂ ဦးဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို ကြိုးမိန့်ပြစ်ဒဏ် စီရင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ ဖမ်းဆီးခံရပြီးကတည်းက စစ်ခုံရုံးမှာ သူတို့ကိုယ်စား ဥပဒေကြောင်းအရ ရှေ့နေခေါ်ခွင့် မရှိခဲ့သလို လွတ်လပ်စွာ ခုခံချေပခွင့်လည်း မရှိခဲ့ဘဲ ကွပ်မျက်ခံခဲ့ရတာပါ။
မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးစီရင်တာ ၁၉၈၉ ခုနှစ် မတ်လတုန်းက နောက်ဆုံးဖြစ်တယ်လို့ သိရတဲ့အတွက် ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကြိုးပေးစီရင်ခံရတာ ဖြစ်ပါတယ်။
ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်ကနေ ဒီနှစ် စက်တင်ဘာလအထိ လူအယောက် ၂၀၀ နီးပါးကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီစာရင်းတွေဟာ ချဲ့ကားထားတဲ့စာရင်းသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။
Forum