သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးသမားတွေ ဖမ်းဆီးငွေညှစ်ခံရ


စစ်ကောင်စီတပ်သားများ (AFP)
စစ်ကောင်စီတပ်သားများ (AFP)

မြန်မာနိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း ရာဂီ(Yagi) နောက်ဆက်တွဲ မိုးရွာသွန်းမှုကြောင့် ရေဘေးဒဏ် အကြီးအကျယ်ခံခဲ့ရပြီး ရေဘေးဒုက္ခတွေ ကြုံနေရတဲ့အတွက် တနိုင်တပိုင် အကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းက လူတွေကို စစ်တပ်က ဖမ်ဆီးစစ်ဆေးတာ ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေး ကူညီနေသူတွေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာတော့ ရေဘေးကူညီကယ်ဆယ်ရေးနဲ့ လူနာတွေပို့ဆောင်ရေး လုပ်နေတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းဝင်ငါးဦးကို ဖမ်းဆီးတာလုပ်ခဲ့သလို တောင်ငူ တပ်ကုန်းနေပြည်တော်ဘက်ကိုသွားတဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေသူတွေကို ငွေညှစ်တောင်းခံတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက အခုလို ပြောပါတယ်။

" သံဖြူဇရပ်က ရေဘေးကယ်ဆယ်ရေး လုပ်နေတဲ့ လူတွေကိုကျတော့ စစ်တပ်က PDF တွေနဲ့မှားပြီး ဖမ်းဆီးတာပေါ့ ၊ ခက်ခဲနေတဲ့သူတွေကို ကူညီတဲ့အခါမှာ သူတို့လုပ်လို့ ပိုခက်ခဲတာပေါ့။ အခုရေဘေးအတွက် လှူတဲ့သူတွေ တောင်ငူ နေပြည်တော် တပ်ကုန်းပျဉ်းမနားဘက်ကို သွားလှူတဲ့သူတွေကို စစ်တပ်က ရွာထဲသွားမယ့်ကားတွေကို ကားတစီးဘယ်လောက်ဆိုတာမျိုး တောင်းတယ်။ အဲဒီလိုပေးမှ ရွာထဲကို ပေးဝင်မယ်ဆိုတာမျိုးလည်းရှိတယ် ကားသမားတွေဆီကလည်း တောင်းတယ်။ "

မွန်ပြည်နယ် သံဖြူဇရပ်မှာ ဖမ်းဆီးခံရတဲ့ ပရဟိတ လုပ်နေသူတွေကိုတော့ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့် သင်တန်းကျောင်း စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုနဲ့ အဆက်အသွယ် မရဘူးလို့လည်း ဆိုပါတယ်။ ဒီအတွက် အသက်အန္တရယ် စိုးရိမ်ရတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

မြန်မာပြည်အတွင်းက ရေဘေးဒဏ်ကို ကြုံနေရတဲ့သူတွေကို ပရဟိတအဖဲွ့တွေက သွားရောက်ကူညီတော့ ပြည်သူချင်း ကူညီကြတာတွေကိုပဲ အဓိကထား လုပ်နေရပြီး သွားရောက် ကူညီတဲ့သူတွေအနေနဲ့ အဲဒီ ရွာတွေကို သွားကူညီတဲ့အခါမှာ စစ်တပ်က အနှောက်ယှက်ပေးတာတွေ ဟန့်တားတာတွေ အလှူကို အလှူရှင်နာမည်နဲ့မဟုတ်ပဲ စစ်တပ်က လှူပါတယ်လို့ ပြောခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်လှေသမားတွေဆီက ပိုက်ဆံကောက်တယ် ကားသမားတွေဆီက ပိုက်ဆံကောက်တယ် အဲဒါမျိုးတွေလုပ်နေတယ် စစ်တပ်က တချို့အလျူရှင်တွေကိုအမည်ခံမခိုင်းပဲ စစ်တပ်က အမည်ခံခိုင်းတယ် အဲဒါမျိုးတွေကိုလည်း စစ်တပ်ကကူညီပါတယ်ဆိုပြီးကားတွေကိုတပ်ခိုင်းတာတွေလုပ်တယ် ။

" အခုလိုမျိုး ရေဘေးဒုက္ခတွေ ခံစားနေရတဲ့ကာလမှာ စစ်ကောင်စီဘက်က အချိန်မီ ထိရောက်တဲ့ ကူညီတာမျိုးတွေ မလုပ်နိုင်တဲ့အတွက် သေဆုံးသူတွေလည်း ရာဂဏန်းနဲ့ ရှိနေပါတယ်။ လက်ရှိမှာတော့ ကြာသပတေးနေ့အထိ ရထားတဲ့ စာရင်းတွေအရ တနိုင်ငံလုံး သေဆုံးသူ ၂၉၃ ယောက်ရှိပြီး ၈၉ ယောက် ပျောက်ဆုံးနေဆဲပဲလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုကော်မတီက စာရင်းထုတ်ပြန်ထားပါတယ်။

ပရဟိတ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကတော့ သေဆုံး ပျောက်ဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့ တွက်ဆနေကြပါတယ်။ တချို့နေရာတွေမှာ အစားအသောက် လိုအပ်နေတာတွေ ကယ်ဆယ်ပေးဖို့ အကူညီတောင်းခံနေတာတွေကိုလည်း ထိထိရောက်ရောက် လာလုပ်တာ မရှိသေးဘူးလို့လည်း ရေဘေးသင့်ပြည်သူတွေက ပြောဆိုနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG