စစ်ဘေးနဲ့ ရေဘေး တပြိုင်တည်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကရင်နီ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးသလို ထိရောက်တဲ့ အကူအညီတွေလည်း မရသေးဘူးလို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ ရေကြီးနစ်မြုပ်ခဲ့တဲ့ နေရာမှာ လက်ရှိ ရေပြန်ကျပြီး နေရပ်ပြန်လို့ရတဲ့ အခြေအနေ မရှိသေးပါဘူး။ ယာယီတဲအိမ် ဆောက်ဖို့အတွက် အမိုးအကာ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အစားအသောက်အကူအညီတွေ အလွန်အမင်း လိုအပ်နေဆဲဖြစ်တဲ့အကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်ဟာ အခုတခါ ရေဘေးပါ ထပ်ပြီး ရင်ဆိုင်နေရတာပါ။ စစ်ဘေးနဲ့ ရေဘေး တပြိုင်တည်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကရင်နီ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးတဲ့အပြင် ထိရောက်တဲ့ အကူအညီတွေလည်း မရသေးဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
“စစ်ဘေးက မပြီးသေးဘူး၊ ရေဘေးကလာတယ်၊ ထူထောင်ရေးလည်း မလုပ်နိုင်သေးဘူး။ ဆုံးရှုံးမှုတွေကို ပြန်ပြီးတော့မှပဲ ကျနော်တို့ ဖာထေး နေရတယ်ဆိုတော့လေ ကျနော်တို့မှာလည်း ထိရောက်တဲ့ အကူအညီတွေလည်း မရရှိသေးပါဘူးနော်။”
ကရင်နီပြည်နယ်ကို အရေးပေါ်ပစ္စည်းကူညီရာမှာ စစ်ကောင်စီစစ်ဆေးရေဂိတ်မှာတင် ဖြတ်ကျော်လို့မရဘဲ လှည့်ပြန်ရတဲ့အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။ အရင်ကတည်းက စစ်ဘေးရှောင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ကန့်သတ်ခံနေရပြီး အခုတခါ ရေဘေးအကူအညီပေးတဲ့နေရာမှာလည်း ထပ်ပြီး ပိတ်ပင်ကန့်သတ်ခံနေရလို့ ကိုဗညားက ပြောပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ခွင့်မရှိပေမယ့် တခြားတိုင်းနဲ့ပြည်နယ်ကနေ ငွေကြေးအလှူတချို့ ပေးပို့လာတာရရှိတယ်လို့ သူကဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ကယား(ကရင်နီ) ပြည်နယ်မှာ မြို့နယ် ၇ခုလောက် ရေကြီးနစ်မြုပ်မှုနဲ့အတူ လူသေဆုံးမှုတွေနဲ့ စစ်ရှောင်စခန်း နေအိမ် ၅၀၀ ထက်မနည်း နစ်မြုပ်ပျက်စီးတဲ့အထိ ရင်ဆိုင်ခဲ့ရပြီး စစ်ဘေးရှောင်နဲ့ ဒေသခံ သုံးသောင်းနီးပါး ရေဘေးသင့်ခဲ့တာပါ။
ကယား(ကရင်နီ)ပြည်နယ်မှာ ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင် ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။
စစ်ဘေးနဲ့ ရေဘေး တပြိုင်တည်း ရင်ဆိုင်ဖြေရှင်းနေရတာမို့ အရာအားလုံး ပိုမိုခက်ခဲလာပြီး အကူအညီတွေလည်း လိုအပ်နေဆဲဖြစ်တဲ့အကြောင်း IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဒုတိယဌာနမှူး(၁) မော်ရီရီက ဗွီအိုအေကို ခုလိုပြောပါတယ်။
“အဝတ်အစားကစပေါ့နော် မီးဖိုချောင်ပစ္စည်းတွေပဲ အကုန်လုံး ထောက်ပံ့နေရတဲ့ အနေအထားမှာပေါ့နော်။ ဒီ ဝမ်းရေးအတွက် ဆန်၊ ဆီ၊ ဆား အပြင်ပေါ့နော် အဲ့ဒါတွေ ထောက်ပံ့နေရတာရှိတယ်။ ပိုပြီးမှတော့ ခက်ခဲလာတယ်ပေါ့နော်။ တဖက်မှာ စစ်ဘေး။ တဖက်မှာ ရေဘေးနဲ့ အဆင်မပြေမှုတွေ ကြားထဲမှာ ရအောင် ဖြေရှင်းနေရတဲ့ အနေအထားမှာ ဖြစ်တယ်ပေါ့နော်။”
မိုးရေချိန်များပြီး ရှမ်း-ကယားနယ်စပ် မိုးဗြဲဆည်ရေ ပို့လွှဲကနေ ရေလွှတ်ချခဲ့ပြီး လွိုင်ကော်မြို့နယ် အပါအဝင် ဘီလူးချောင်းတလျှောက်က ကျေးရွာတွေ ရေကြီးနစ်မြှုပ်ခဲ့ရာက ခုချိန်ထိ ရေပြန်မကျသေးပါဘူး။ နောက်ထပ် ရေပွေလှိုင်းအရှိန်နဲ့ဆိုရင် ထပ်ပြီး ရေမြင့်တက်လာနိုင်တယ်လို့ ဒုတိယဌာနမှူး(၁) မော်ရီရီ က ပြောပါတယ်။
“တော်တော်များများမှာ ရေက တပြေတည်းနဲ့ ကြီးတက်သွားတဲ့ အနေအထားဖြစ်တော့ ရေပြန်ကျဖို့ဆိုတာတော့ တော်တော်လေးနဲ့ အချိန်ယူရမှာပေါ့နော်။ ရေထွက်ပေါက် နေရာမရှိတာ တစ်ကြောင်းပေါ့နော်။ အကယ်၍ ဒီကြာထဲ မုန်တိုင်းထပ်လာမယ်၊ မိုးတွေပြန်ရွာမယ်ဆိုရင်တော့ ဒီရေကတော့ အခုလက်ရှိပိုပြီးမှ ကြီးလာနိုင်တဲ့ အနေအထားမှပဲ ရှိမယ်ပေါ့နော်။”
ရေဘေးကြုံနေရသူတွေကို အရပ်ဖက်အဖွဲ့အစည်းနဲ့ IEC က ထောက်ပံ့ရေးပစ္စည်းတွေ အကူအညီပေးနေပေမယ့် လိုအပ်ချက် ရှိနေဆဲဖြစ်တယ်လို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။
လေပွေလှိုင်း အရှိန်ကြောင့် စက်တင်ဘာ ၂၀ ကနေ ၂၅ ရက်နေ့အထိ ဒီ ၅ ရက်အတွင်းမှာ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ နေရာကွက် မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာတွေ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာမို့ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ် ချောင်းငယ်အနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ရေလျှံမှုတွေ ကြိုတင် သတိပြု ရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းနဲ့ လေကြောင်းသွားလာရေးအစီအစဉ်တွေ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Forum