သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက ရေဘေးသင့်သူတွေ ဆေးဝါးနဲ့ အရေးပေါ်အကူအညီလိုအပ်နေ


ပဲခူးတိုင်း တောင်ငူမြို့အတွင်း တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့်သွားတဲ့ နေရာတွေကို ကူညီကယ်ဆယ်ဖို့ ပြင်ဆင်နေတဲ့ လုပ်အားပေးများ (စက်တင်ဘာ ၁၇၊ ၂၀၂၄)
ပဲခူးတိုင်း တောင်ငူမြို့အတွင်း တိုင်ဖွန်း Yagi (ရာဂီ) ကြောင့် ရေဘေးဒဏ်သင့်သွားတဲ့ နေရာတွေကို ကူညီကယ်ဆယ်ဖို့ ပြင်ဆင်နေတဲ့ လုပ်အားပေးများ (စက်တင်ဘာ ၁၇၊ ၂၀၂၄)

Yagi မုန်တိုင်းကြောင့်လူပေါင်း ရာဂဏန်းအထိ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံမှာ၊ ရေဘေးသင့် ပြည်သူတွေ ဆေးဝါးနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စေတနာ့ဝန်ထမ်း အကူအညီပေးနေသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့တဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တိုက်တွန်းနေကြတာပါ။ ရေဘေးသင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝန်းမှာ ရေကြီးရေလျှံ ၊ မြေပြိုတာတွေ ရှိခဲ့ပြီးတဲ့နောက် ကျွဲနွား တိရိစ္ဆာန်တွေအပြင် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဘေးသင့်သူတွေ အကူအညီတွေ လိုအပ်နေတာပါ။ ရေဘေးသင့်သူတွေထဲ ဖျားနာသူတွေရှိပြီး ဆေးဝါးအကူအညီတွေလိုအပ်နေသလို လူဦးရေများပြားတဲ့အတွက် အကူအညီမလုံလောက်တာတွေရှိတယ်လို့ စေတနာအလှူရှင်တွေကလည်း ပြောကြပါတယ်။

လက်ရှိ သာစည်မြို့နယ်ဘက်မှာ လှူဒါန်းပေးနေတဲ့ စေတနာအလှူရှင်တဦးက မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလို ပြောပြပါတယ်။

"မလောက်တာက ဒီလိုပေါ့။ သူတို့ရှိတာက လူ ၁၀၀ ရှိမယ်ဆိုရင် ကျွန်တော်တို့ လှူနိုင်တာ ၂၀ စာ ၃၀ စာ ၅၀ စာ အဲ့လောက်ပေါ့။ လှူတဲ့သူတွေက ပေါတာတော့ပေါတယ်။ လူတိုင်းကအခု စားဝတ်နေရေး ခက်ခဲနေတာဆိုတော့ အခုက ထောင်ဂဏန်း သောင်းဂဏန်း အမြို့မြို့ အနယ်နယ် ဖြစ်နေတာဆိုတော့ အဲ့လောက်ကြီးက ကျွန်တော်တို့က မလှူနိုင်တော့ဘူးလေ။ ကျွန်တော်တို့ နိုင်သလောက်ပဲ သွားတာဆိုတော့ နေရာအနှံ့မရောက်ကြတာပေါ့။ ထမင်းထုတ်ကြတော့ စုလို့မရဘူး။ ဒီနေ့ချက် မနက်ဖြန်လောက်ဆိုသိုးဆိုတော့ အဆင်မပြေဘူး။ သူတို့က အခြောက်အခြမ်းရရင် ပိုအဆင်ပြေမယ်။ စောင် ၊ ခြင်ထောင်၊ ခေါင်းအုံးတို့ပေါ့။ သူတို့က နေထိုင်မကောင်းတဲ့သူတွေလည်းပါတယ်။အပူရှပ်တာ အသံတွေဝင်တာ ဖျားတာတွေ ကိုယ်ဝန်ဆောင်မိခင်တွေပါတော့ကြတော့ မီးဖွားဖို့အတွက် တချို့က လန့်တာရှိတယ်လေ။ ဒီလိုဖြစ်ထားတော့ သူတို့ကိုသူတို့ သေပြီဆိုပြီးလန့်တာ သွေးလန့်တာတွေလည်းရှိတယ်။ တချို့လေဖြတ်သွားတဲ့ အဖိုးဖွားကြီးတွေဆို မထနိုင်ဘူးလေ။ အဲ့လိုဟာတွေအတွက် ဆေးဝါးလိုအပ်တယ်။ ဆီးချိုသွေးချိုတွေအတွက် ဆေးဝါးလိုတော့ အခုက ကျွန်တော်တို့က ဆေးက လုံးဝမပါဘူး။ ကျွန်တော်တို့ပါတာ ဓာတ်ဆားရည်ထုတ်ပါတယ်။ ဓာတ်ဆားရေဆိုတာ ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကြောက်လို့ ပါရာစီတမောလောက်ပဲပါသွားတာ။ "

ရေကြီးခဲ့တဲ့ ကျေးရွာတွေမှာ ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် ကယ်ဆယ်ရေးထက် ကူညီရေးသာ အဓိက လိုအပ်နေတာပါ။ ဒါ့အပြင် ရေကြီးရေလျှံတာကြောင့် သေဆုံးတဲ့ အရေအတွက်လည်း တရက်ထက် တရက်တိုးလာနေပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်မှာ သေဆုံးသူ ၁၁၃ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှာတော့ လူပေါင်း ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေတယ်လို့ ထပ်ပြီး သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေနဲ့ အကူအညီပေးသူတွေကတော့ သေကျေထိခိုက်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဒီထက်ပို များနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

အခုလိုသေဆုံးသူအရေအတွက်များတာဟာ အသိပညာအားနည်းတာအပြင် ပေါ့ဆမှုတွေကြောင့်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူ တွေကပြောတာပါ။

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာလည်း ရေကြီးရေလျှံတာကြောင့် လူသေဆုံးတာ များပြားခဲ့ပြီး အခုလို သေဆုံးရတာနဲ့ ပတ်သက်ပြီး ရေဘေးကယ်ဆယ်ရေး သွားရောက်ခဲ့သူ တဦး ပြောတာက

"အခုသေတာက ၁၀၀ -၂၀၀ မကဘူး အများကြီးပဲသေတာ။ ရမည်းသင်းဘက်မှာ ပိုတောင်များသေးတယ်။ နေပြည်တော်ဘက်ထဲမှာကော။ သူက ရေက ရုတ်တရက်ကြီး တက်လာတာဆိုတော့ အကုန်က ပြေးချိန်လွှားချိန်မရဘူး။တချို့ရွာတွေကို ကျွန်တော်တို့်တွေက ထွက်တော့ ထွက်တော့ ဆိုတာ မထွက်ဘူး။ ဒီမှာပဲ ပေတေပြီးနေနေတာ။ သေသွားလည်း ရတယ်။ ဒီမှာပဲ လက်ခံမှာ အဲ့လိုတွေရှိတော့ ပြန်လာခဲ့တယ်ပေါ့။ ၁၃ ရက်နေ့ အကုန်လုံး လွှမ်းကုန်ပြီဆိုမှ ဟိုရွာမှာကျန်ခဲ့လို့ ဒီရွာမှာကျန်ခဲ့လို့ အဲ့လိုတွေကများတယ်။ ပြောရမယ်ဆိုရင် ကြိုတင်ပြင်ဆင်တာထက် အသိပညာနည်းကြတာပေါ့။"

ရေကြီးရေလျှံတာ ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ထဲမှာ ကူညီပေးနေသူတဦးကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပေါ့ဆတယ်ဆိုတာထက် ဒီလောက်ကြီးဖြစ်မယ်မထင်ဘူးလို့ ထင်ပါရဲ့ အရင်ကလည်း ရေကြီးဖူးတာတွေရှိတယ်လေ။ အခုလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ရုတ်တရက်ကြီး ဖြစ်သွားလောက်အောင် မကြီးဖူးဘူးလေ။ ရေတက်လာ တက်လာဆိုရင် ရွှေ့ကြပြောင်းကြ ဒါမျိုးတွေရှိတယ်။ ဒီလောက်လည်း မကြီးတော့ ခံရတာ နည်းနည်းသက်သာတယ်ပေါ့။ အခုက ရေကြီးပြီဆိုပြီး ၁ ရက် ၂ ရက်ကျမှ ဝေါကနည်း ရေတွေက တိုးကျလာတဲ့အချိန် ဒီလိုလည်း တခါမှ မဖြစ်ဘူးတဲ့အခါကျတော့ ဘယ်လောက်ထိ ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာ မသိတဲ့အခါကျတော့ ခံလိုက်ရတယ်လို့ ထင်တာပါပဲ။ ကြိုတင်ပြင်ဆင်မှုအားနည်းတယ်လို့လည်း ပြောလို့ရပါတယ်။ ကြိုတင်ပြင်ဆင်မှု အားနည်းတာထက် ဒီလောက်ထိအောင် ကြိုတင်ပြင်ဆင်မှု မလိုအပ်ဘူးလို့ သူတို့အနေနဲ့ တွေးမိကောင်း တွေးမိပါလိမ့်မယ် အဲ့ဒီအပိုင်းလည်းပါမှာပါ။"

မိုးဇလဘက်ကတော့ အချိန်နဲ့ တပြေးညီ မုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်တို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပေမယ့် ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေဘက်မှာတော့ မုန်တိုင်းရှိတယ်ဆိုတာထက် ပိုပြီးမသိရှိခဲ့သလို ဆည်တွေကျိုးပေါက်ပြီး တောင်တွေပြိုလောက်တဲ့အထိ ပြင်းထန်မယ်ထင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မုန်တိုင်းအရှိန်ကြောင့် မြို့နယ် ၅၆ မြို့နယ်က လူနေအိမ် ၂ ထောင်ကျော် ပျက်စီးခဲ့ပြီး နေအိမ် ၁ သိန်းခွဲကျော် ရေဝင်နစ်မြှုပ်ခဲ့ကာ လူပေါင်း ၁ သိန်း ၆ သောင်းကျော် ရေဘေးသင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လမ်းတံတားတွေနဲ့ ဆက်သွယ်ရေးတိုင်တွေလည်း ပျက်စီးခဲ့ရသလို ကျွဲနွားအပါအဝင် တိရစ္ဆာန် စုစုပေါင်း ၁သိန်း ၂ သောင်းကျော် သေဆုံးခဲ့ကာ စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ၆ သိန်း ၄ သောင်းကျော် ရေဝင်နစ်မြှုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ အချက်အလက်တွေ ရရှိမှု အခက်အခဲတွေ ရှိနေပေမဲ့ ရေဘေးဒဏ်သင့်သူ ၆၃၁,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ ရာဂဏန်းနဲ့ ပျောက်ဆုံးနေသူ အများအပြားရှိနေတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့ ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကတော့ အကူအညီတွေပေးအပ်ရာမှာ ချောမွေ့အောင် ဆောင်ရွက်ဖို့ အာဏာပိုင်တွေကို တောင်းဆိုကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG