တိုင်ဖွန်း Yagi ကြောင့် ရေကြီးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ အပါအဝင် နောက်ဆက်တွဲ အကျိုးသက်ရောက်ခံရသူတွေ၊ ထိခိုက်လွယ် လူ့အသိုက်အဝန်းတွေအတွက် အရေးပေါ် အကူအညီတွေကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် ပေးပို့နိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆောင်ရွက်နေတဲ့အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါ့အပြင် - သောက်သုံးရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့အတွက် အထောက်အကူပြု ပစ္စည်းတွေနဲ့ တခြား အရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အကူအညီအလိုအပ်ဆုံး သူတွေထံ ပေးပို့ရာမှာ ချောမွေ့မှုရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အမေရိကန်သံရုံး ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
တိုင်ဖုန်းမုန်တိုင်း Yagi ဘေးဒဏ်ခံနေရသူတွေကို ဆက်လက်ပြီး အကူအညီတွေ ပေးသွားမယ်လို့ သံရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။
အလားတူဘဲ - တိုင်ဖုန်းမုန်တိုင်း Yagi ဒဏ်ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ပေးမယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။
ဒီအကူအညီတွေကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ (UNICEF) အပြင် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA Centre) စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တောင်ကိုရီးယားသံရုံးက မနေ့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Forum