သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်


နေပြည်တော်ကောင်စီအတွင်း တံတားကျိုးတခုကိုဖြတ်ကူးနေကြတဲ့ ရေဘေးသင့်သူများ (စက်တင်ဘာ ၁၇၊ ၂၀၂၄)
နေပြည်တော်ကောင်စီအတွင်း တံတားကျိုးတခုကိုဖြတ်ကူးနေကြတဲ့ ရေဘေးသင့်သူများ (စက်တင်ဘာ ၁၇၊ ၂၀၂၄)

တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး ၇၇ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဒဏ်ကို ၃ နှစ်ကျော်ကြာ ခံစားလာရပြီး အခု ဆိုးရွားတဲ့ရေဘေးဒဏ်ပါ ရင်ဆိုင်နေရတာကြောင့် နေစရာ၊ စားစရာမရှိတဲ့အခြေအနေကို ရောက်နေတယ်လို့ လွိုင်ကော်မြို့က စစ်ဘေးရှောင်တဦးဖြစ်သူ ဦးချစ်သိန်းက ပြောပါတယ်။

"ပျက်စီးဆုံးရှံးမှုကတော့အများကြီးပဲ စစ်ဘေးတုန်းကဆုံးရှုံးရတာကတော့ အိမ်တွေပျက်စီးကုန်တယ်။ အခုရေဘေးကျတော့လည်း ဘာမှမကျန်တော့ဘူး။ ကျန်တဲ့တဲတွေလည်း မြုပ်ကုန်ပြီ။ပြန်ဆယ်လို့လည်းမရတော့ဘူး။ စားဝတ်နေရေးကအစ ဒုက္ခရောက်ကုန်ပြီ။ ငါးရှာဖားရှာဆိုတော့လည်း ငါးတွေလည်းရှာစားမရတော့ဘူး ရေတွေကတအားကြီးတော့"

အရင်က သေဆုံးသူ ၁၁၃ ဦး ရှိခဲ့တယ်လို့ တနင်္လာနေ့မှာ ကြေညာထားရာက ဒီကနေ့မှာ သေဆုံးသူအရေအတွက် ၂ ဆတိုးလာကြောင်း စစ်ကောင်စီ မီဒီယာက ထုတ်ပြန်တာပါ။ ရေကြီးမှုကြောင့် ပျက်ဆီးသွားတဲ့ အိမ်အလုံးရေ တသိန်းခွဲလောက်ရှိပြီး လယ်ယာစိုက်ပျိုးမြေ ဧက ၆ သိန်းခွဲလောက်လည်း ပျက်စီးသွားတယ်လို့ စစ်ကောင်စီ သတင်းတွေမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ အချက်အလက်တွေ ရရှိမှု အခက်အခဲတွေ ရှိနေပေမဲ့ ရေဘေးဒဏ်သင့်သူ ၆၃၁,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ ရာဂဏန်းနဲ့ ပျောက်ဆုံးနေသူ အများအပြားရှိနေတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ Yagi မုန်တိုင်းဟာ လူသားချင်းစာနာမှုအကူအညီ ဘေးဒုက္ခရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် လတ်တလောနှစ်တွေအတွင်း အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ဆိုးကြီးကို ရင်ဆိုင်လိုက်ရတာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒီအတွက် နိုင်ငံတကာက နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။

Forum

XS
SM
MD
LG