သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်း ရေဘေးသင့်ဒေသမှာ အရေးပေါ် ကယ်ဆယ်ကူညီရေးလိုအပ်


ပဲခူးတိုင်း တောင်ငူမြို့မှာ ကယ်ဆယ်ရေးလှေကိုစောင့်ဆိုင်းနေကြတဲ့ ရေဘေးဒဏ်သင့် ဒေသခံများကိုတွေ့ရစဉ် (စက်တင်ဘာ ၁၄၊ ၂၀၂၄)
ပဲခူးတိုင်း တောင်ငူမြို့မှာ ကယ်ဆယ်ရေးလှေကိုစောင့်ဆိုင်းနေကြတဲ့ ရေဘေးဒဏ်သင့် ဒေသခံများကိုတွေ့ရစဉ် (စက်တင်ဘာ ၁၄၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ရေဘေးဒဏ် အဆိုးဆုံးခံနေရတဲ့ ဒေသတွေမှာ အပါအဝင်ဖြစ်တဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ပဲခူးတိုင်း ကျောက်ကြီးနဲ့ ဖြူးမြို့နယ်အနီးဝန်းကျင်က ကျေးရွာတွေမှာ ဆိုရင်လည်း စစ်တောင်းမြစ်ရေတက်လာတဲ့အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ ပဲခူးတိုင်းက ရေဘေးဒဏ် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်အနီးဝန်းကျင်က ကျေးရွာတွေရှိတဲ့နေရာမှာ စက်တင်ဘာလ ၁၂ရက်နေ့ကစပြီးစစ်တောင်းမြစ်ရေတက်လာတဲ့အတွက် အသက်အန္တရယ်အတွက်ရော အစားသောက်အတွက်ကူညီကယ်ဆယ်ရေးတွေလိုအပ်နေတာပါ။

အဲဒီမြို့နယ်နှစ် ခုကြားမှာရှိနေပြီး ရေပတ်လည်ဝိုင်းနေတဲ့ အိမ်ခြေပေါင်း သုံးရာနီးပါးရှိတဲ့ ဒိုးတန်းရွာ ကို ရေကြီးတဲ့ ၅ရက်မြောက်နေ့မှာ ကယ်ဆယ်ရေးတွေ ရောက်ရှိလာပြီး လူတွေကိုကယ်ထုတ်ခဲ့သလို အစားအသောက်တွေလည်း ပေးဝေသွားတယ်လို့ ဒေသခံတဦးက VOA ကိုပြောပြပါတယ်။

"အခုမနက်တော့ ကယ်ဆယ်ရေးတွေ ရောက်လာပြီးလူတွေလည်ကယ်တယ် စားစရာတွေလည်းပေးတယ် ရေကတော့လက်မနဲ့ ပဲ တဖြည်းဖြည်းတက်တယ်၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ရက်နေ့ ၁၄ရက်နေ့တွေကတော့ ပေနဲ့ကိုတက်တာပါ တစ်ပေ နှစ်ပေ သုံးပေအဲဒီလိုအထိ တက်တာပါ ၊ အခုတော့ ရေကနည်းနည်းတန့်သွားတယ်၊ ကယ်ဆယ်ရေးတွေ ရောက်လာတော့ ကျနော်တို့ရွာလေးတော့အနည်းငယ်အဆင်ပြေသွားပြီ၊ ဒါပေမယ့် အနီးနားမှာ ရွာတွေရှိသေးတယ်၊ လေးငါးရွာကတော့ ကျနောတို့ရှိတယ် နွယ်တန်း၊ ဒိုးတန်း၊ တောင်လယ်၊ ဒညင်းကုန်း၊ ရမ်ဂစ်တိုတဲ့ ကုလားရွာလေးရှိသေးတယ် အဲဒီနောက်ပိုင်းမှာလည်း တခြားရွာတွေရှိသေးတယ် အခုက ကျနော်တို့အုပ်စုက ကျနော်သိတဲ့ ၅ရွာလောက်ကိုပဲပြောတာပါ။"

ဒါ့အပြင် ဒိုးတန်းရွာဟာ စစ်တောင်းမြစ်နဲ့ အနီးဆုံးဖြစ်နေတဲ့အတွက် ကယ်ဆယ်ရေးတွေ စတင်ဝင်လာတာဖြစ်ကြောင်း လည်းသူက အခုလို ဆက်ပြောပြပါတယ်။

"ကျနော်တို့ရွာက ရေဦးတိုက်ဖြစ်ပြီးကမ်းပါးဘေးဆိုတော့ ကယ်ဆယ်ရေးက ကျနော်တို့ရွာကိုအရင်ဝင်တာပါ။"

နေပြည်တော်မြို့နယ်အတွင်း ရေဘေးဒဏ်သင့် ဒေသခံများကိုတွေ့ရစဉ် (စက်တင်ဘာ ၁၄၊ ၂၀၂၄)
နေပြည်တော်မြို့နယ်အတွင်း ရေဘေးဒဏ်သင့် ဒေသခံများကိုတွေ့ရစဉ် (စက်တင်ဘာ ၁၄၊ ၂၀၂၄)

ဆိုင်ကလုန်းမုန်တိုင်း ရာဂီနဲ့ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသံဖိုင်နဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်တောင်းမြစ်ကမ်းဘေးတလျှောက် ကျေး ရွာတွေဖြစ်တဲ့ ကျောက်စောင်း၊ ကညှင်ဒိုင်း၊ ညောင်ပင်ဆိပ်၊ ငထွေစုတ်၊ ရွာမကြီး၊ လက်ပံခုံ၊ အင်းရှည်၊ စတဲ့ကျေးရွာတွေလည်းရေလွှမ်းမိုးနေပြီး ကယ်ဆယ်ရေးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကယ်ဆယ်ရေးတွေလာရောက်ဖို့မလွယ်ကူတဲ့နေရာတွေမှာတော့ လူတွေရဲ့အသက်အန္တရယ်တွေလည်းစိုးရိမ်နေရသလို အသေအေပျောက်စာရင်းတွေလည်း သိဖို့မလွယ်ကူသေးဘူးလို့လည်းဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG