သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ်ရေကြီးနိုင်တဲ့နေရာတွေ မိုးဇလသတိပေး


ရန်ကုန်-မန္တလေး အမြန်လမ်းမ မန္တလေးလမ်းပိုင်းတနေရာမှာ ရေကြီးရေလျှံနေစဉ် (စက်တင်ဘာ ၁၃၊ ၂၀၂၄)
ရန်ကုန်-မန္တလေး အမြန်လမ်းမ မန္တလေးလမ်းပိုင်းတနေရာမှာ ရေကြီးရေလျှံနေစဉ် (စက်တင်ဘာ ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ရေကြီးနေပြီး ၃၃ ယောက်ထက် မနည်းသေဆုံးတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ နေရာတော်တော်များများမှာ ရေဘေးဒဏ်သင့်နေတာမှာ ဒီနေ့ ရန်ကုန် မန္တလေးလမ်းတွေ ပိတ်ထားရတဲ့အထိ ရေကြီးနေပါတယ်။ အနောက်ပိုင်းက ရခိုင်နဲ့ ချင်းပြည်နယ်မှာလည်း ဒီရက်ပိုင်းထဲ မိုးများတဲ့အရှိန်ကြောင့် သဘာဝဘေးကြုံနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။ အထက်ပိုင်းက ရေတွေ အောက်ပိုင်းကို ကျပြီး ရေကြီး ရေလျှံမှု ဖြစ်နိုင်တယ်လို့ သတိပေးတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း Yagi မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့ မိုးသည်းထန်စွာရွာခဲ့ပြီးနောက် အလယ်ပိုင်းနဲ့ အထက်ပိုင်း ဒေသတော်တော်များများ ရေကြီးနေပါတယ်။ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ လူသေဆုံးတဲ့အထိ ရေဘေးဒဏ်ကြုံနေကြရပါတယ်။ ရေစီးထဲမျောပါ ပျောက်ဆုံးသူတွေလည်း အများအပြား ရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ရေကြီးနေတာမှာ သေဆုံးသူ လောလောဆယ် ၃၃ ယောက်ရှိပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ဒီနေ့ နေ့လည် ၁၂ နာရီအထိ စာရင်းတွေအရတော့ ရေကြီးရေလျှံမှုတွေကြောင့် ပြောင်းရွှေ့ပေးရတဲ့ အိမ်ခြေပေါင်း ၄ သောင်းကျော်ရှိပါတယ်။ အိမ်ထောင်စု ၅ သောင်း ၉ ထောင်ကျော်ရှိတယ်။ လူဦးရေ ၂ သိန်း ၃သောင်းကျော်ဖြစ်ပါတယ်။ လူဦးရေ ၂ သိန်း ၃ သောင်းကျော်ဖြစ်ပါတယ်။ သူတို့ကို ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုမှာနေရာချထားပေးလျက်ရှိတယ်။ သေဆုံးမှုဒဏ်ရာရမှုအနေနဲ့ တနိုင်ငံလုံးမှာ သေဆုံးသူ ၃၃ ဦးရှိတယ်။ ဒဏ်ရာရ ၁ ဦးရှိပါတယ်။ တချို့နေရာတွေမှာလည်း မိုးစရွာကတည်းက ဆက်သွယ်မှုပြတ်တောက်နေတာတွေတော့ရှိတယ်"

မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ ရေကြီး ရေလျှံဖြစ်နေပြီး အိမ်ခြေပေါင်း ၄ သောင်းကျော်ကို ကူညီကယ်ဆယ်ပေးထားတယ်လို့လည်း သူကပြောပါတယ်။ ရှမ်းပြည်နယ် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်၊ ကရင်နီဒေသက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာလည်း ရေကြီးလို့ ဒုက္ခသည်တွေ ထပ်ပြီး ဒုက္ခရောက်နေကြပါတယ်။ အဝေးပြေးလမ်းတွေပေါ်အထိ ရေတွေကြီးနေတာမှာ မန္တလေးတိုင်းထဲက တံတားဦးနားမှာရှိတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၅၆ နေရာအထိ ရေတွေတက်လာတဲ့အတွက် ယာဉ်အသွားအလာတွေကို ဒီနေ့ နေ့လည်ပိုင်းကစပြီး ပိတ်လိုက်ရမယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

"မနက် ၆ နာရီလောက် ရေတိုးတယ်။ ၁၁ လောက်မှာ အမြန်လမ်းပေါ် ရောက်လာတယ်။ အခုတော့ ၂ လမ်းစလုံး ရေကျော်သွားပြီပေါ့။ မန္တလေးဘက်ကနေ ရန်ကုန်ဘက်သွားမယ့် ကားတွေကိုတော့ နောက်ပြန်လှည့်ခိုင်းတယ်။ ရန်ကုန်ဘက်ကနေ မန္တလေးလာမယ့် ကားတွေကတော့ ရောက်တဲ့နေရာမှာ ရပ်ထားရတာပဲ။ အခုနေ့လည်အထိ ဆက်ပြီးတော့ ရေတက်နေတုန်းပဲ။"

လက်ရှိ ရေကြီးနေတဲ့ ဒေသတွေမှာသာမက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဘက်မှာလည်း ဒီနေ့ စက်တင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း မိုးများနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ အထက်ဘက်က ကျလာတဲ့ရေတွေကြောင့် ရေကြီးမှုတွေလည်း ဖြစ်နိုင်တယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက VOA မြန်မာပိုင်း ကိုပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ် အရှေ့တောင်နဲ့ ရခိုင်မြောက်ပိုင်း စပ်ကြားလေးမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတယ်။ အဲတော့ အဲဒီအရှိန်ကြောင့် ရခိုင်နဲ့ချင်း မိုးများနိုင်တယ်။ ချင်းဆိုရင်တော့ မြေပြိုတာ သတိပြုရမယ်။ ရခိုင်မှာက ချောင်းတွေ၊ မြောင်းတွေပေါတော့ ရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်။ လာမယ့်ရက်တွေမှာတော့ ဒီရေတွေက အောက်ဆင်းသွားမှာဆိုတော့ အခုတောင်မှ စစ်တောင်း၊ တောင်ငူဆိုရင် နေပြည်တော်က ကျရမယ့်ရေ။ နေပြည်တော်က မကျခင်ကတည်းက သူ့ဧရိယာမှာ မိုးများလို့ စိုးရိမ်ရေမှတ်ရောက်နေတာ ပေါင်းလောင်းကနေတဆင့် စစ်တောင်းပဲသွားမှာ။ တောင်ငူတို့၊ မဒေါက်တို့။ နောက် အဲဒီကနေတဆင့် ပဲခူး။ အဲတော့ ရေကြီးရေလျှံမှု ဆက်ပြီးတော့ တက်လာနိုင်တယ်။ ဒီနေရာတွေ သတိပြုဖို့လိုတယ်။"

အထူးသဖြင့် တောင်ငူ၊ မဒေါက်၊ ပဲခူးနဲ့ ဘားအံမှာ စစ်တောင်းနဲ့ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

"မန္တလေးတိုင်းမှာစီးတဲ့ ရေကတော့ ဧရာဝတီထဲ စီးလာမှာပဲ။ ဧရာဝတီထဲ ရောက်ရင်လည်း သူကအောက်ဘက်သွားရင် ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်။ ဧရာဝတီမြစ် အောက်ပိုင်းဘက်မှာ သတိပြုဖို့။ အပေါ်ကကျလာမယ့် ရေကို သတိထားဖို့ပေါ့။ အခုလောလောဆယ်တော့ စိုးရိမ်ရေမှတ် မရောက်သေးဘူးပေါ့လေ။ မြစ်ရေကတော့ အဲဒီဘက်မှာလည်း မိုးရွာသွန်းမှုများတော့ နည်းနည်းတော့ တက်နေတာပေါ့။ ဒီနေရာတွေလည်း သတိပြုဖို့လိုတယ်။"

စစ်တောင်းမြစ်ရေ တက်လာတဲ့အရှိန်ကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ကျေးရွာတွေလည်း ရေဘေးဒဏ်သင့်နေပြီး ဒေသခံ ရာနဲ့ချီ ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။ မြန်မာနိုင်ငံအနှံ့ အခုတကြိမ်ရေကြီးမှုဟာ နှစ်ပေါင်းများစွာအတွင်း ဧရိယာဒေသ အကျယ်ပြန့်ဆုံး ဆိုးဆိုးဝါးဝါး ရေကြီးမှုဖြစ်ပါတယ်။ သေဆုံးသူရာချီ ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG