သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီစစ်ရှောင် ၅,၀၀၀ ထက်မနည်း ရေဘေးသင့်နေ


ဒီးမော့ဆိုမှာ မိုးများမြေပြိုလို့ နေအိမ်တချို့ ပျက်စီး (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဒီးမော့ဆိုမှာ မိုးများမြေပြိုလို့ နေအိမ်တချို့ ပျက်စီး (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ကရင်နီပြည်နယ်မှာ အခုရက်ပိုင်း မိုးရွာသွန်းတဲ့ အရှိန်ကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာကြောင့် နေအိမ်တွေ ပြိုကျ ပျက်ဆီးတာအပြင် ရေဘေးဒဏ်ခံနေရတဲ့ စစ်ရှောင်ပြည်သူ ၅,၀၀၀ လောက်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ - IEC လက်အောက်ခံ လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနရဲ့ ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးသင့်သူ အများစုဟာ အသက်အရွယ်ကြီးရင့်သူ၊ ကလေးသူငယ်နဲ့ အမျိုးသမီးတွေဖြစ်ကြပြီး အမိုးအကာ၊ အဝတ်အစားနဲ့ စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို ပြောပြပါမယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသမှာ ခုရက်ပိုင်း မိုးရွာသွန်းတဲ့ အရှိန်ကြောင့် စစ်ရှောင်စခန်းတွေမှာ ရေကြီးနစ်မြှုပ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲ မြစ်ချောင်းဘေးနဲ့ အနိမ့်ပိုင်းဘက် နေထိုင်တဲ့ ရွာသူရွာသားတွေနဲ့ စစ်ရှောင် လူဦးရေ ၅,၀၀၀ လောက် ရေဘေးသင့်နေပါတယ်။

ရေဘေးကြောင့် စစ်ရှောင် နေအိမ်တချို့ ရေနစ်မြှုပ်တာ၊ ပြိုလဲပျက်စီးတာတွေ ရှိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“မိုးများတဲ့ အတွက်ကြောင့်မို့ ဒီ မိုးဒဏ် လေဒဏ်တော့ ခံစားရတယ်။ တချို့နေရာမှာ ကျနော်တို့ ရေကြီးလို့ပေါ့နော်။ ချောင်းရေတက်လို့ အိမ်တွေ ပျက်စီးတာတွေရှိတာပေါ့နော်။ လောလောဆယ်ကတော့ ကျနော်တို့ ဖယ်ခုံမြို့နယ်ထဲမှာ တချို့နေရာ နည်းနည်းလေထိခိုက်မှုရှိတယ် ပြောတယ်။ အခုဒီးမော့ဆို အရှေ့ခြမ်းမှာကတော့ ဒီဘီးလူချာင်း ကျနော်တို့ခေါ်တာ ဗွန်ချောင်းပေါ့နော်၊ ဗွန်ချောင်းဘေးမှာ ရှိနေတဲ့ စစ်ရှောင်စခန်းပေါ့နော်၊ အဲ့မှာ (စခန်း) ၆ခု ၇ခု ရှိတယ်၊ အဲ့ဒီထဲက(စခန်း) ၃၊ ၄ခုကတော့ အခုရေတက်တော့ တချို့အိမ်တွေ ပြိုသွားတာတွေပေါ့ ရွှေ့ပြောင်းရတာတွေ ရေမြှုပ်သွားတာတွေ ရှိပါတယ်။”

လွိုင်ကော်မြို့နယ် အရှေ့ဘက် အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ ဝမ်ငေါ့ကျေးရွာ စခန်းရှောင်စခန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကတည်းက ရေကြီးနစ်မြှုပ်ခဲ့ပြီး ခုထိချိန်ထိ ရေပြန်မကျသေးပါဘူး။

အလားတူ ခုရက်ပိုင်း မိုးများရေကြီးမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်က အနိမ့်ပိုင်းနေရာမှာ နေထိုင်တဲ့ ရွာသူရွာသားနဲ့ စစ်ရှောင်ပြည်သူတွေ ရေဘေးသင့်နေပါတယ်။

တောင်ကျရေစီးမှုကြောင့် ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာမှာ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသသတွင်း တင်းမီဒီယာက ဖော်ပြထားပါတယ်၊ နယ်မြေအခြေအနေအရ ဒါကို အတည်မပြုနိုင်သေးဘူးလို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်မှာ မြေပြိုတာ လမ်းပိုင်းပျက်စီးမှုကြောင့် သွားလာရေးခက်ခဲပြီး ပိတ်မိနေသူတချို့နဲ့ လွိုင်ကော်၊ ဒီးမော့ဆို အပါအဝင် ရေဘေးသင့်သူ ခန့်မှန်းခြေ လူဦးရေ ၅,၀၀၀ လောက်ရှိတယ်လို့ IEC ရဲ့ လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနရဲ့ ဌာနမှူး ခွံမာတီးယာ က ပြောပါတယ်။

“ အိမ်ခြေ ၈၀၀၊ ၁,၀၀၀ ဝန်ကျင်းလောက် ရှိပြီ။ လူ ၅,၀၀၀ လောက်ရှိတယ်။ လမ်းပြို တံတားပြိုလို့ သွားလာလို့မရတဲ့ နေရာမှာ ပိတ်မိနေတဲ့ ပြည်သူတွေအပါအဝင် ပြောရမှာပေါ့နော်။ ရွှေ့ပြောင်းနေရာချထားရေး ယာယီနေရာချထားရေးက သူတို့အတွက် အမိုးအကာနဲ့ ရွှေ့ပြောင်း စားရိတ်မှာကတော့ ခက်ခဲတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ ပြီးတော့မှ တချို့ ဒီ စားရေး သောက်ရေးတွေ၊ အပျက်အစီးတွေ၊ တချို့ ကြုံရတာပေါ့လေနော်။ အရေးပေါ် ရိက္ခာတွေ လိုအပ်တဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့။”

ရေဘေးသင့်သူ အများစုက ကလေးသူငယ်၊ အသက်အရွယ်ကြီးရင့်သူနဲ့ အမျိုးသမီးတွေ ဖြစ်ကြပြီး တချို့က ချောင်းဆိုး ၊ ဖျားနာ နေကြတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်ရှောင်စခန်းတွေ ရေလွှမ်းမိုး ပျက်စီးကုန်တာကြောင့် အရေးပေါ်ပြောင်းရွှေ့ထားတဲ့အတွက် အမိုးအကာ၊ အဝတ်အစားနဲ့ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတာလို့ ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြှုပ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG