သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေကြား စစ်ရေးတင်းမာ


လွိုင်ကော်မြို့အတွင်း မီးလောင်ပျက်စီးနေသည့် လူနေအိမ်များကို အပေါ်စီးမှ တွေ့ရစဉ် (ဇူလိုင် ၂၇၊ ၂၀၂၄)
လွိုင်ကော်မြို့အတွင်း မီးလောင်ပျက်စီးနေသည့် လူနေအိမ်များကို အပေါ်စီးမှ တွေ့ရစဉ် (ဇူလိုင် ၂၇၊ ၂၀၂၄)

ကရင်နီဒေသ လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို ဦးတည်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နေ့စဉ်ဆိုသလို နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖြတ်သန်းတဲ့ နယ်မြေတလျှောက် ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ဖျက်ဆီးခံရတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ကရင်နီဒေသ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

လွိုင်ကော်ကနေ ဒီးမော့ဆိုမြို့နယ်ကို ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်လာနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ပူးပေါင်းတပ်တို့အကြား နေ့စဉ်ဆိုသလို နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူးလည်းဖြစ်၊ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူလည်း ဖြစ်တဲ့ ကိုဗညား က စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“သြဂုတ်လလယ်ကတည်းက စဖြစ်တယ်ပေါ့နော်။ အခုတော့ စစ်ကောင်စီကတော့ တချို့ နေရာတော်တော်များများပေါ့နော်၊ အထူးသဖြင့် ဒီလွိုင်ကော်ကနေ ဒီးမော့ဆိုလမ်းပိုင်းကိုတော့ သူတို့တော့ ရောက်နေပြီးပေါ့နော်။ အထူးသဖြင့် ၁၀၂ တပ်ထဲကို သူတို့ သွားနေတယ်ပေါ့။ ဒါပေမယ့် တိုက်ပွဲကတော့ ရက်တိုင်းလိုလိုရှိပါတယ်။ KNDF ကလည်း ကြေညာထားတာရှိတာပေါ့။ သိရသလောက်တော့ (လူအင်အား) ၁၀၀ ၂၀၀ နဲ့ စစ်ကြောင်းထိုးလာပြီးတော့မှ ငွေတောင်မှာရှိတဲ့ ၁၀၂ ထဲကို သူတို့ ဝင်သွားတယ်ပေါ့နော်။ ခန့်မှန်းရတာကတော့ လက်နက်အင်အား လက်နက်ခဲယမ်းတွေကို သူက ဖြည့်ပေးတာလည်း ဖြစ်ဖို့ များမှာပါဟုတ်။”

လွိုင်ကော်မြို့အတွင်း မီးလောင်ပျက်စီးနေသည့် လူနေအိမ်များကို အပေါ်စီးမှ တွေ့ရစဉ် (ဇူလိုင် ၂၇၊ ၂၀၂၄)
လွိုင်ကော်မြို့အတွင်း မီးလောင်ပျက်စီးနေသည့် လူနေအိမ်များကို အပေါ်စီးမှ တွေ့ရစဉ် (ဇူလိုင် ၂၇၊ ၂၀၂၄)


သြဂုတ်လ ၁ရက်နေ့က စပြီး လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ပန်ကန်း၊ ဒေါပိုးစီ၊ (၆)မိုင်စံပြကျေးရွာတလျှောက်မှာ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်မှုများပြားသလို ခဲယမ်းမီးကျောက်တွေ ကျန်းမာရေးပစ္စည်းတွေ သိမ်းဆည်းရရှိကြောင်းနဲ့ အခုချိန်ထိ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလော တိုက်ပွဲဖြစ်တာ မရှိပေမဲ့ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းလည်း KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး ကပြောပါတယ်။

“ဒီရက်ပိုင်းကတော့ ဒါတိုက်ပွဲ နည်းနည်းပြန်သွားတယ်လို့ ပြောလို့ရပါတယ်ဗျ။ စစ်ကောင်စီကတော့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ရှိတဲ့ သူတို့ရဲ့ အခြေခံ တပ်စခန်းထဲကို လူနည်းနည်းဖြည့် အင်အားတွေ ဖြည့်တင်းဖို့အတွက် စစ်ကြောင်းထိုးတာဖြစ်ပါတယ်။”

တိုက်ပွဲဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးဘေး ဒေါပိုးစီနဲ့ (၆)မိုင်စံပြကျေးရွာတဝိုက်က နေအိမ် ၅၀ လောက် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ သိသလောက်ကတော့ အိမ်တွေကို ရက်တိုင်းပေါ့ ဒီအပတ်ထိပေ့ါနော်၊ အရင်အပတ်ကနေ အခုအပတ်ထိ နေ့တိုင်းနီးပါး မီးတွေ ရှို့နေတာပေါ့၊ ကျနော်တို့ ခန့်မှန်းတာက အခုလောက်ဆိုရင်တော့ အိမ်ခြေ ၄၀ ၅၀ တော့ ရှို့ခံလိုက်ရပြီးလို့ ကျနော်ပြောလို့ရတယ်ပေါ့နော်။ တောက်လျှောက်ကတော့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ အနည်းနဲ့ အများတော့ ရက်တိုင်းလိုလို ရှိပါတယ်ဟုတ်။”

စစ်တပ်က ဒေသခံနေအိမ်တွေ မီးရှို့ဖျက်စီးတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင် ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့သလို၊ ကရင်နီဒေသက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG