သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုပြင်းထန်လာတဲ့ လွိုင်ကော်တိုက်ပွဲ


ယခင်မှတ်တမ်းရုပ်ပုံ | လွိုင်ကော်မြို့နေအိမ်တချို့ မီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | လွိုင်ကော်မြို့နေအိမ်တချို့ မီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်ရေးဗျူဟာအရ နှစ်ဘက်စလုံး အတိုးအဆုတ် နည်းလမ်းနဲ့တိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

လွိုင်ကော်မြို့ တဝက်နီးပါး သိမ်းပိုက်ထားတဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာနေတဲ့အတွက် မနေ့ ဇူလိုင်လ ၄ ရက်နဲ့ ဒီနေ့ ဇူလိုင် ၅ ရက်မှာ တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်နေပါတယ်။ သတင်းမီဒီယာတချို့ကတော့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက်က လွိုင်ကော်ကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ရေးသားထားပေမယ် စစ်ရေးဗျူဟာအရ အတိုးအဆုတ်လုပ်တာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်တွေကို ပြန်ပြီးတိုက်ခိုက်နဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“လွိုင်ကော်မြို့ရဲ့ တောင်ဘက်ရပ်ကွက်တွေမှာကတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်ပေါ့နော်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ အဲ့တော့ နှစ်ဖက် တိုးလိုက် ဆုတ်လိုက် အဲ့ဒီအခြေအနေမျိုးပဲဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက လွိုင်ကော်မြို့ကနေ လုံးဝဆုတ်ခွာသွားတဲ့ဟာမျိုးတော့ မဟုတ်ပါဘူး။”

ဒီတခါ ပြန်ဖြစ်တဲ့တိုက်ပွဲဟာ ခါတိုင်းထက် ပိုမိုပြင်းထန်လာနေတယ်လို့ တာအယ်စိုးက အခုလိုဆက်ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ပုံမှန်ပေါ့နော်၊ အရင်အရှေ့ပတ်တွေက ဖြစ်တဲ့ ဒီပုံမှန်ထိတွေ့ တိုက်ပွဲတွေထက်တော့ ပိုပြင်းထန်ပြီးတော့မှ ချေမှုန်းရေးလုပ်နေတဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက် တိုက်ပွဲတွေကတော့ ပုံမှန်ထက်ပိုပြင်းထန်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိတဲ့နေရာတွေ ကင်းပုန်းတွေ ဝပ်ကင်းတွေ ရှိတဲ့နေရာမှာတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပေါ့နော်။ လွိုင်ကော်မှာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ဒါအပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီက တိုးလာလိုက် ပြန်ဆုတ်သွားလိုက် စသဖြင့်ပေါနော်၊ ထို့နည်းတူစွာပဲ တော်လှန်ရေးဖက်ကလည်း ဒါထိတွေ့တိုက်ပွဲတွေ ဖြစ်နေဖြစ်တဲ့အတွက် သူတိုးကိုယ်ဆုတ်၊ သူဆုတ်ကိုယ်တိုးပုံစံမျိုးနဲ့ပဲဖြစ်နေပါတယ်ဟုတ်။ ဆိုတော့ ဒီအခြေအနေမှာ ဘယ်အဖွဲ့က ဘယ်လောက်ထိထိန်းချုပ်နိုင်လဲဆိုတာကို ပြောဖို့ ခက်နေပါသေးတယ်။”

ယခင်မှတ်တမ်းရုပ်ပုံ | လွိုင်ကော်ဈေး ပတ်ဝန်းကျင်အနီး မီးလောင်ကျွမ်းနေစဉ်
ယခင်မှတ်တမ်းရုပ်ပုံ | လွိုင်ကော်ဈေး ပတ်ဝန်းကျင်အနီး မီးလောင်ကျွမ်းနေစဉ်

လွိုင်ကော်မြို့ရဲ့ မြောက်ဘက်ရပ်ကွက်ဖြစ်တဲ့ နာနတ်တောနဲ့ ဌေးငှားလျားကနေ တော်လှန်ရေးတပ်တွေ ဆုတ်ပေးရပြီး တောင်ဘက်ပိုင်းမှာတော့ မိုင်းလုံးရပ်ကွက်၊ နမ့််ဘော်ဝမ်ရပ်ကွက်နဲ့ GTC တက္ကသိုလ်ကျောင်းနေရာတွေကို တော်လှန်ရေးတပ်တွေဘက်က ပြန်သိမ်းနိုင်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) လည်းဖြစ် ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို စာနဲ့ ဖြေဆိုထားပါတယ်။

လတ်တလော လွိုင်ကော်တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း တိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ ၂၀၂၃ ခုနှစ် နို၀င်ဘာလက စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲပြင်းထန်ကတည်းက လွိုင်ကော်မြို့မှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရလို့ ဒေသခံတွေနဲ့ အဆက်အသွယ်ရဖို့ ခက်ခဲနေပါတယ်။ ဘေးလွတ်ရာမှာ ခိုလှုံနေတဲ့ လွိုင်ကော်မြို့ခံတဦးက မြို့ကို ပြန်သွားတဲ့ အသိတွေ အဆက်အသွယ်ရဖို့ ကြိုးစားပေမယ့် မရဘူးလို့ ပြောပါတယ်။

“လွိုင်ကော်ဘက်က ဖုန်းလိုင်းတွေ ဖြတ်ထားတယ်။ တော်တော်နဲ့ ဆက်လို့မရဘူး။ တချို့က ဆက်ရင်လည်း တောင်တွေကို ဟိုတောင်တွေပေါ်မှာသွား ဒီတောင်တွေပေါ်မှာသွား အဲ့လိုဆက်ရတယ်လို့ ပြောတာပဲ။ နယ်မြေမအေးချမ်းတဲ့အတွက်ကြောင့် အသွားအလာမသွားရဲကြဘူး။ လွိုင်ကော်နည်းနည်း အခြေအနေပြန်ဆိုးနေတယ်လို့တော့ သတင်းရတာပဲ။”

လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ အရပ်သားတွေ အထိအခိုက်ရှိနိုင်ပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KNDF က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်သူအပါအဝင် အရပ်သားထိခိုက်မှုရှိတယ်လို့ ကရင်နီဒေသ သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ လွိုင်ကော် တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Forum

XS
SM
MD
LG