သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီဆိုင်မြို့အနီး လက်နက်ကြီး ထိမှန်မှုကြောင့် ဒေသခံ ၃ ဦးသေ


ဆီဆိုင်မြို့ကျေးရွာတွေပေါ် လက်နက်ကြီးကျလို့ လူသေဆုံးမှုရှိ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄)
ဆီဆိုင်မြို့ကျေးရွာတွေပေါ် လက်နက်ကြီးကျလို့ လူသေဆုံးမှုရှိ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄)

ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်ယူတဲ့ မော်တော်ယာဉ် ၂ စီး လက်နက်ကြီး ထိမှန်တာကြောင့် အနည်းဆုံး လူ ၃ ယောက်သေဆုံပြီး ၆ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာ တလနီးပါးကြာမြင့်လာပြီး ဒီကနေ့ထိလည်း လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်နေဆဲ ရှိနေပါတယ်။ ဒီပစ်ခတ်မှုတွေအတွင်း ဆီဆိုင်အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ အခြေအနေကို ကိုစည်သူက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီ၊ PNA ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်တွေ နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA တပ်အကြား တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ တောင်ကြီး၊ ဟိုပုံး စတဲ့မြို့တွေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေဆီကို တိမ်းရှောင်နေရတာပါ။

ဇန်နဝါရီလ ၂၂ရက်နေ့က တိုက်ပွဲတွေ ရုတ်တရက်ဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ ဘာပစ္စည်းမှ မသယ်ယူနိုင်ဘဲ တိမ်းရှောင်နေကြရာက တိုက်ပွဲတွေ ငြိမ်သက်ချိန် မနက်ပိုင်းတွေမှာ ဒေသခံအချို့ဟာ ဆီဆိုင်မြို့မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ သိုလှောင်ထားတဲ့ ပြောင်းဆံတွေကို ပြန်လည်သယ်ယူကြတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပစ္စည်းပြန်သယ်ယူတဲ့ ယာဉ်တန်း လက်နက်ကြီး ထိမှန်တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ပစ္စည်းပြန်သယ်တဲ့ ကားပစ်ခံရတာ။ ကား ၂စီးတော့ ထားခဲ့ရတယ်။ ၆ယောက်ဒဏ်ရာရတယ်။ ၃ယောက်သေတယ်။ ဆီဆိုင်ရဲ့ အရှေ့ဘက် ဝါးတောရွာနားမှာ။ ရွာသားက ၃ယောက်သေတယ်။ ၆ယောက်ဒဏ်ရာရတယ် ဆေးရုံပို့လိက်တယ်။ ပြောင်း ပြန်သယ်တာ။ အပြန်ဖြစ်နေပြီ။ အပြန်ဖြစ်တော့ အမြောက်နဲ့ လှမ်းထုတယ်ထင်တယ်။ မနက်က ၆နာရီခွဲလောက်ထင်တယ်။ အစောကြီးပဲ၊ ဒီမနက် အစောကြီးပဲ ချနေကြတာ တဘုန်းဘုန်းနဲ့။ ဆီဆိုင်မှာလည်း ပစ်တယ်။ ဆိုက်ခေါင်အရှေ့ဘက် လွယ်ပွတ်မှာလည်း ချနေတာပဲ။ ဖြစ်နေတုံးပဲ၊ အခုလည်း ဖြစ်နေတယ်။ လွယ်ပွတ်ဘက်မှာဖြစ်တယ် နေ့တိုင်းပဲ။ ဆီဆိုင်လည်း နေ့တိုင်းဖြစ်တာပဲ။”

ပြီးခဲ့တဲ့စနေနေ့ကလည်း ဘန်းယဉ်အရှေ့ဘက်က ရွာတွေဆီကို လက်နက်ကြီးနဲ့ပစ်တာကြောင့် လူ ၂ယောက်သေဆုံးသလို နေအိမ်အချို့ ပျက်ဆီးကြောင်းလည်း ပြောပါတယ်။

“ တိုက်ပွဲမဖြစ်ဘဲ ဟိုနေ့ကဆိုရင်တော့ ထမ်းယံမှာလည်း ဖြစ်သွားတာကော။ အိမ်တွေပါပြီးတော့ ၂ယောက်သေတယ်။ ၃ယောက်ဒဏ်ရာရတယ်။ ထမ်းယံ၊ ထမ်းယံမှာ ဘန်းယဉ်ရဲ့ အရှေ့ဘက်ဗျ။ လက်နက်ကြီးပစ်တာ အဲဒါ ည ၁၀နာရီလားမသိဘူး။ အိမ်တဲ့အချိန်မှာ လှမ်းထုလိုက်တာ။ လူတွေက အိပ်မောကျနေတာ။ အိမ် ၂လုံးလောက် ပျက်စီးသွားတယ်။”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLAက ပြောရေးဆိုခွင့်ရှိသူ ခွန်ရှဲင်းယံက ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရှိကြောင်း ပြောပါတယ်။

“ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ ဒရုန်းတွေနဲ့ ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတော့ နေ့တိုင်းနီးပါးတော့ ရှိတယ်။ ထိတွေ့တိုက်ပွဲကတော့ ဖြစ်ပွားတာ မရှိဘူးပေါ့။ မနေ့ရဲ့ အရှေ့ တနေ့ကတော့ အဲဒီ ဆီဆိုင်မြို့နယ် ထမ်းယံနဲ့ ထီတံဆိုတဲ့ ရွာကို စစ်ကောင်စီက ညနေဘက်မှာ လက်နက်ကြီးနဲ့ ပစ်လို့ ၆လသားအရွယ် ကလေးငယ်တဦးနဲ့ အမျိုးသား တဦး သေဆုံးသွားတယ်။ ဒီနေ့ အခြေအနေကတော့ ဆီဆိုင်မြို့မှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတုံးပေါ့နော်။ ဒီမြို့ထဲကို ပစ္စည်း ပြန်သယ်တဲ့လူတွေကို ကားတွေကို လက်နက်ကြီးနဲ့ ပစ်တော့ ၈ဦးထက်မနည်း ဒဏ်ရာရတာတွေ ရှိပါတယ်။ ”

ဒီနေ့မနက် ပစ်ခတ်မှုမှာ ဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာကိုတော့ အတည်ပြု ပြောဆိုတာ မရှိပါဘူး။ ဒီလ ၁၅ရက်နေ့ကတော့ လက်နက်ကြီး ထိမှန်တာကြောင့် ဆီဆိုင်မြို့ မြို့မဈေးကြီး မီးလောင်ပျက်ဆီးခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဇန်နဝါရီလ ၂၄ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်က ဒေသခံပြည်သူ ၅သောင်းနဲ့ ကရင်နီ(ကယား)ပြည်နယ်က လာရောက် တိမ်းရှောင်နေသူ စစ်ရှောင် ၂သောင်း စုစုပေါင်း ၇သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း PYO ခေါ် ပအိုဝ်းလူငယ်များအစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီက တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရားနဲ့ ကလောမြို့နယ်က PNO အသွင်ပြောင်း ဌာနေပြည်သူ့စစ်တွေကို လက်နက် တပ်ဆင်ပေးခဲ့ပါတယ်။ တချိန်တည်းမှာတော့ PNO အသွင်ပြောင်း PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းနေတာနဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းရှိ ပအိုဝ်းလူငယ်အများအပြားဟာ ထိုင်းနိုင်ငံနဲ့ အခြားဒေသဘက်တွေကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG