သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးထိမှန်ပြီး ဆီဆိုင်မြို့မဈေး မီးလောင်


ဆီဆိုင်မြို့ မြို့မစျေးမီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဆီဆိုင်မြို့ မြို့မစျေးမီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ကြာသပတေးနေ့ ညနေပိုင်းကနေ စတင်ပြီး ဆီဆိုင်မြို့ မြို့မဈေး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ ငြိမ်းသတ်မယ့်သူမရှိတာကြောင့် တညလုံးနီးပါး လောင်ကျွမ်းခဲ့ပါတယ်။ ဒေသခံတွေကတော့ လက်နက်ကြီး ထိမှန်ရာကနေ မီးလောင်ကျွမ်းတာ ဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။ တလနီးပါးကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့ရဲ့ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် က တင်ပြပေးထားပါတယ်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်က တဘက်၊ ပအိုင်း အမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ မဟာမိတ်တွေကတဘက် ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ဇန်နဝါရီလ ၂၂ရက်က စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ကြာသပတေးနေ့ ညနေခင်းပိုင်းမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေအကြားမှာ ဆီဆိုင်မြို့ မြို့မဈေး မီးလောင်ခဲ့ကြောင်းနဲ့ ဒါဟာ လက်နက်ကြီး ထိမှန်တာဖြစ်နိုင်ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ စလောင်တာ ၃နာရီကျော်က စလောင်တာ။ အဲဒီအချိန်က စလောင်ပြီးတော့ ၁၁နာရီ၊ ၁၂နာရီကျော်ထိ မီးမငြိမ်းသေးဘူး။ မနေ့ကတော့ ကုန်သလောက်ဖြစ်သွားတယ်ထင်တယ်။ ဈေးကလည်း တဆိုင်နဲ့တဆိုင်က ကပ်လျက်ပဲ၊ တတန်းနဲ့ တတန်းလည်း စိပ်စိပ်ပဲ ဆိုတော့လေ။ ပြည်သူလည်း မရှိဘူး။ အဲဒီမှာ ထိန်းချုပ်တဲ့အဖွဲ့လည်း မနိုင်လောက်ဖူးထင်တယ်။ မနေ့ကတော့ တောက်လျောက်ပဲ ။ လက်နက်ကြီးတော့ ဆီဆိုင်ဘက် တောက်လျောက် ထုတာ တနေကုန်နီးပါးပဲ။ ခါတိုင်းနေရာလည်း အဲလိုပဲ လောင်လိုက်ရင်တော့ သူတို့ လက်နက်ကြီး ထုတယ်။ အဲဒါပေါက်ကွဲပြီး လောင်တယ်။ အဲဒါ ဖြစ်ဖို့များတယ်။”

လောလောဆည်မှာ PNLA နဲ့ မဟာမိတ်တွေက ဆီဆိုင်မြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက မြို့ပြင် တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိကြောင်း ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း ဆီဆိုင်မြို့ဘက်မှာ တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေ ကြားနေရကြောင်းနဲ့ အရင်ရက်တွေကတော့ ဆိုက်ခေါင် ရှိ စစ်ကောင်စီတပ်ကနေ လွယ်ပွတ် ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်သလို လေကြောင်းက ဗုံးကြဲတာတွေ ရှိကြောင်း ပြောပါတယ်။

“ ဒီနေ့ကတော့ မြို့ထဲမှာပဲ ကြားရတယ်။ ခဏလေးပဲ။ အခုတော့ ငြိမ်သွားသလိုပဲ။ မနေ့က လွယ်ပွတ်မှာ လေယာဉ်နဲ့ ကြဲတာကော။ ဟိုနေ့ဆိုတော့ ပဆျားကလိုး၊ ပဆျားကလိုးဆိုတော့ ဒီ ဟိုပုန်းမြို့နယ်အစပ်ဘက်မှာလည်း လေယာဉ်နဲ့ လာကြဲတာပဲ။ လွယ်ပွတ်လည်း မနေ့ကလည်း တောက်လျောက် ကြဲတာပဲ။ နောက်ပြီး အမြောက်လည်း တနေကုန်ထုတာပဲ မနေ့ကတုံးက။ လွယ်ပွတ်ဘက် ထုတ်တယ်။ နောက်ပြီးတော့ အခြားနေရာတွေ လှမ်းထုတယ်ထင်တယ်။ မနေ့ကဆို ၁၁နာရီ။ ၁၂နာရီ ထိတောင် ထုသေးတယ်။ မနေ့က။ ”

ပဆျားကိုး ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦသေဆုံးကြောင်းလည်း သတင်းမီဒီယာအချို့က ဖော်ပြတာတွေ ရှိနေပါတယ်။ စစ်ကောင်စီကတော့ ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း PNLA နဲ့ မဟာမိတ်ဘက်က ပစ်ခတ်တဲ့ ကျည်ကြောင့် သေဆုံးတာဖြစ်ကြောင်း သူတို့ရဲ့ တယ်လီဂရမ်စာမျက်နှာကနေ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ PNLA အကြား တိုက်ပွဲဟာ တလနီးပါး ကြာမြင့်လာနေပြီး ဆီဆိုင်မြို့နဲ့ အနီးဝန်းကျင်က ကျေးရွာက ပြည်သူတွေဟာ တောင်ကြီး၊ ဟိုပုန်းနဲ့ အခြားမြို့တွေကို တိမ်းရှောင်နေကြသလို တောတောင်တွေအတွင်း ခိုအောင်းနေသူတွေလည်း ရှိနေပါတယ်။

PYO ခေါ် ပအိုဝ်းလူငယ်အစည်းအရုံးက တာဝန်ရှိသူ ခွန်ဦး က ဆီဆိုင်ဒေသ တိုက်ပွဲကြောင့် စစ်ရှောင်နေသူ ၇သောင်းခန့်ရှိပြီး အကူအညီ အထောက်အပံတွေ လိုအပ်နေကြောင်းပြောပါတယ်။

“ IDP စစ်ဘေးရှောင်တွေက လောလောဆည်အချိန်ထိ မှတ်တမ်းပြုစုထားသလောက်က ၇သောင်းအထက်မှာ ရှိပါတယ်။ ၂သောင်းဝန်းကျင်လောက်က ကရင်နီဘက်က စစ်ဘေးရှောင်တွေ ဖြစ်ပြီးတော့မှပဲ ၅သောင်းအထက်က ဆီဆိုင်ဘက်က ပအိုဝ်းတွေအများစုဖြစ်ပါတယ်။ စစ်ဘေးရှောင်အကူအညီနဲ့ပတ်သက်ရင် အတွေ့အကြုံရယ် ကြိုတင်ပြင်ဆင်မှုရယ် အားနည်းတဲ့အတွက်ကြောင့်မို့ အကူအညီပေးတဲ့သူက သိပ်မရှိဘူး။ လောလောဆည် ရွာသားတွေအချင်းချင်း ကူညီတာမျိုးပဲ အဓိက တွေ့နေရတယ်။ နိုင်ငံတကာဖြစ်စေ၊ ပအိုဝ်းအင်အားစုထဲကဖြစ်စေ ကြီးကြီးမားမားနဲ့ ထိထိရောက်ရောက်ကူညီပေးတာမျိုးတော့ မတွေ့ ရသေးဘူး။”

တချိန်တည်းမှာတော့ PNA ပြည်သူ့စစ်က စစ်သားစုဆောင်းတာနဲ့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းလာတာကြောင့် ဒေသတွင်းက ပအိုဝ်းလူငယ်တွေဟာ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။ ဒီအခြေအနေကို ခွန်ဦး က အခုလို ဆက်ပြောပါတယ်။

“ စစ်သားစုဆောင်းခြင်းနဲ့ စစ်မှုထမ်းခိုင်းခြင်းကိစ္စက လူငယ်တွေကြားထဲမှာ အထိတ်တလန့် ပိုပြီးတော့မှ ဖြစ်စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေက စစ်ထဲဝင်ဖို့ မလိုလားကြဘူး။ အဲတော့ လူငယ်တွေက ဒီထိုင်းနိုင်ငံပြည်ပတွေမှာ အများဆုံး ထွက်ပြေး တိမ်းရှောင်တာ ရှိတယ်။ တခြားနယ်တွေ တခြားဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်တာမျိုးတွေ အများစု တွေ့ နေရတယ်။ ”

တခြားတဘက်မှာတော့ PNLA ကလည်း သူတို့ဆီမှာ လာရောက်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်တာတွေ ရှိနေပါတယ်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ် PNLA ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ၁၅ရက်နေ့က ဆီဆိုင်မြို့မြောက်ဘက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က သူတို့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီးနောက် ရှင်းလင်းရာမှာ မူးယစ်ဆေးအချို့နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG