သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီဆိုင်မှာ အရပ်သားသေဆုံးမှုတွေရှိ


ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ
ဆီဆိုင်မြို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူများ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ စစ်ရေးအခြေအနေ ရှုပ်ထွေးနေချိန်မှာပဲ ရှမ်းတောင်က နမ့်စန်မြို့မှာ တရားမဝင် တရုတ်နိုင်ငံသား ထောင်နဲ့ချီပြီး ဖမ်းဆီးရမိတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာဟာ အခုဆိုရင် ၃ရက် အထိ ရှိလာနေပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မနက် ၆နာရီလောက်ကစတင်ပြီး ဆီဆိုင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်နေကြောင်း ဒေသခံ တဦးက VOA ကို ပြောပါတယ်။

“မနက် ၆နာရီကတည်းက ချတာ။ ချလိုက် နားလိုက် ။ အခု တောက်လျောက်ချတာ ၂ နာရီ ကျော်သွားပြီ။ ဖိုက်တာနဲ့လေ။ ချပြီဆို ဂရုံ၊ ဂရုံဆို ပေါင် ၅၀၀နဲ့ ချတယ်ထင်တယ်။ ဗုံး vibration တွေ တုံခါနေတာ။ ဒီ ဆီဆိုင်မြို့မှာပဲဗျ။ ဆီဆိုင်မြို့နားမှာပဲ ချတယ်။ မနေ့က နောင်ရွေးရွာမှာလည်း တလုံးချတယ်။ မနေ့က မိုးချုပ်မှာ။ နောင်ဘို ကန်တော်လေးမှာ ၂လုံးချတယ်။ ချလိုက်တော့ ကောင်လေးတယောက်တော့ဆုံးသွားတယ်။ ပွဲချင်းပြီးပဲ။ နောက်အမျိုးသမီးကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ ဒဏ်ရာရတယ်။ ”

တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့နယ်မှာရှိတဲ့ အခြားကျေးရွာတွေက အရပ်သားတွေ ထိခိုက်၊ ဒဏ်ရာရရှိမှု အခြေအနေ အပြည့်အစုံကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။ ဆီဆိုင်မြို့အနီး စစ်ရှောင်နေသူ အမျိုးသမီးတဦးက ဒီကနေ့နေ့ခင်း ၃နာရီခန့်အထိ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေကြောင်း ပြောပါတယ်။

“ ဟုတ်တယ်။ ဆီဆိုင်မှာ တိုက်ပွဲတွေ ဖြစ်နေတုံးပဲရှင့်။ သတင်းအတိအကျတော့ မရဘူး။ လေယာဉ်က ၆ခါလောက် လာတယ် ရှင်။ ”

ဇန်နဝါရီ ၂၅ရက်နေ့က ဆီဆိုင်မြို့နဲ့ အခြား ကျေးရွာ ၄ ရွာကို ဂျက်ဖိုက်တာ နဲ့ ၊ Y 12 လေယာဉ်တွေနဲ့ အကြိမ် ၂၀ ခန့် လာရောက်ပြီး ပေါင် ၅၀၀ဗုံးအပါအဝင် ဗုံးအလုံး ၁၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဆီဆိုင်မြို့နယ်အတွင်း နောက်ဆုံးအခြေအနေတွေကို မေးမြန်းဖို့ PNLA တာဝန်ခံတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရှမ်းပြည်နယ် တောင်ပိုင်းက နမ့်စန်မြို့မှာ တရားမဝင် တရုတ်နိုင်ငံသား ရာနဲ့ချီဖမ်းဆီးထားကြောင်းနဲ့ အချို့ ထွက်ပြေးတာတွေ ရှိကြောင်း နမ့်စန်ဒေသခံတဦးက ပြောပါတယ်။

“ ဒီနေ့မနက် ၉နာရီတောင်မှ ဖမ်းထားတဲ့ ထိန်းချုပ်ထားတဲ့နေရာမှာ ၄- ၅ ချက်လောက် ဖောက်သေးတယ်။ မနက် ၉နာရီမှာ။ ကျနော် လောလောဆည်ဆည်ကြားတာကတော့ သူတို့ ၇၅၀ကျော်ကို ဖမ်းထားတယ်။ ၅ရပ်ကွက်က မိုးလုံလေလုံအားကစားကွင်းမှာ ၂၅၀ ထားတယ်။ မနက်တုံးက သေနတ်ဖောက်တော့ တချို့ကျောင်းတွေက မိဘတွေကို ဖုန်းဆက် ခလေးတွေ လာကြိုခိုင်းနေတာ။ ထွက်ပြေးလို့ ပစ်တာ။ ထောက်ပို့တပ်ထဲမှာ ၅၀၀။ သံချပ်ကာထဲမှာ ဘယ်နှစ်ယောက်ထိန်းသိမ်းထားလဲ မသိဘူး။ အဲဒီကနေ ၁၀ယောက်လား။ ၁၂ယောက်လား မသိဘူး ထွက်ပြေးသွားတယ်။ ”

နမ့်စန်မြို့မှာ ရောက်ရှိနေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၂ထောင်ကျော်ရှိတယ်လို့ ကြားသိရကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီကထုတ်ပြန်တဲ့သတင်းတွေမှာတော့ ဒီလ ၂၃ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်က နေရာ ၃နေရာကို ရှာဖွေ စစ်ဆေးရာမှာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦးနဲ့ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ဦးကို ဖမ်းဆီးရမိကြောင်း ရေးသားထားပါတယ်။ တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် လူ ၁၀ ဦးကို နမ့်စန်လေတပ်မှာ စစ်ကောင်စီက နေထိုင်ခွင့်ပေးထားတဲ့ဆိုတဲ့ သတင်းကိုတော့ သတင်းမှားဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG