သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံသိန်းချီ တိမ်းရှောင်


ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ဆီဆိုင်မြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေထွက်ပြေးနေရ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဒီကနေ့ထိ ဆက်လက် ပစ်ခတ်နေပြီး နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့သလို တမြို့နယ်လုံး စစ်ရှောင်နေရတာကြောင့် လူသိန်းနဲ့ချီရှိနေပါတယ်။ ဆီဆိုင်မြို့နဲ့ ဆီဆိုင်အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်က ထိန်းချုပ် ထားကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ လောလောဆယ် တပ်စခန်းတွေကို စစ်ကောင်စီဘက်က ပြန်လည် ရယူတာတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ ကချင်ပြည်နယ် မံစီဘက်မှာတော့ KIA က စစ်ကောင်စီတပ်စခန်းတခုကို သိမ်းယူခဲ့ပါတယ်။ ရှမ်းတောင်နဲ့ ကချင်ပြည်နယ်က နောက်ဆုံးရသတင်းတွေကို ကိုစည်သူက စုစည်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် PNLA နဲ့ မဟာမိတ်တပ်တွေက ဒီလ ၂၄ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့တာပါ။ အဲဒီနောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီကနေ့ထိလည်း လေကြောင်းက တိုက်ခိုက်တာတွေ ဆက်ရှိနေကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ပစ်သေးတယ်။ ဒီမနက်က ပစ်တယ်။ လေယာဉ်နဲ့ လာချတယ်။ ဒီမနက်တုံးက တကြိမ်ချတယ်။ မနေ့က ငြိမ်တယ်ဗျ။ မနေ့က ငြိမ်တယ်ဗျ။ ပစ်တော့ ပစ်တယ် အရမ်းကြီးတော့ မဟုတ်ဘူး။ ဒီကနေ့ကတော့ လေယာဉ်နဲ့ပါ ချတယ်။ တကြိမ်လာချသွားပြီ။ ခုနက မနက်သွားတော့ လူတွေ ပစ္စည်းပြန်သယ်ဝင်လို့ ရတယ်။ မနက်ပိုင်းတော့ ဝင်လို့ မရသေးဘူး။ မနက်တုန်းက ၄၂၄ တပ်ရှေ့မှာ တပ်က ပေးမဝင်တော့လေ။ ”

၂၈ရက်နေ့တုန်းက စစ်ကောင်စီဟာ တနေကုန်နီးပါး လေကြောင်းက တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေ ရှိကြောင်း ပြောပါတယ်။ ဒီလိုတိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မြကန်သာရပ်ကွက်က နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဈေးအရှေ့ခြမ်းကဈေးဆိုင်တွေ မီးလောင်ပျက်ဆီးခဲ့ပါတယ်။ လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကရင်နီ(ကယား)ပြည်နယ်က စစ်ရှောင်တွေနဲ့ ဆီဆိုင်မြို့နယ် ဒေသခံပြည်သူ ၂သိန်းလောက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆီဆိုင်ဒေသခံက ဆက်ပြောပါတယ်။

“ အခုက ဆီဆိုင် တမြို့နယ်လုံးနီးပါး ရှောင်သလောက်ဖြစ်သွားပြီကော။ ဆီဆိုင်က မရှိဘူးဆိုရင်တော့ လူဦးရေ ၂သိန်းနီးပါး ရှိမယ်ထင်တယ်။ ကယားစစ်ရှောင်နဲ့ ကျနော်တို့ ဆီဆိုင်မြို့နယ်က လူဦးရေ အကုန်လုံးပေါင်းလိုက်ရင်တော့ တသိန်း ငါးသောင်းအထက် ၂သိန်း လောက် အနည်း ရှိမယ်ဗျ။ ”

ဆီဆိုင်မြို့မှာ PNLA နေရာယူထားသည်ကို တွေ့ရစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၄)
ဆီဆိုင်မြို့မှာ PNLA နေရာယူထားသည်ကို တွေ့ရစဉ်။ (ဇန်နဝါရီ ၂၅၊ ၂၀၂၄)

PNLA ကဆီဆိုင်မြို့ကို သိမ်းယူခဲ့ပြီးနောက် ဒီလ ၂၆ရက်နေ့မှာ ခလရ ၄၂၄ကို သိမ်းယူခဲ့သလို လက်နက်ခဲယမ်းအများအပြားရရှိကြောင်းလည်း ဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။ ဒီကနေ့မနက်မှာတော့ ခလရ ၄၂၄နဲ့ ခလရ ၄၂၃ တပ်စခန်းရှေ့မှာ စစ်ကောင်စီတပ်တွေက ပြန်လည် ထိန်းချုပ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဟိုပုန်းမြို့နယ်မှာ PNLA က သယ်ယူလာတဲ့ လက်နက်တွေကို PNO ပအိုဝ်းပြည်သူ့စစ်တွေက ဒီလ ၂၁ရက်နေ့က ဖမ်းဆီးစစ်ဆေးရာက တိုက်ပွဲစဖြစ်ခဲ့ပြီး ၂၂ရက်နေ့မှာ ဆီဆိုင်အနီး နောင်ထော်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နောက် ဖြစ်ပွားခဲ့တာပါ။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ဒီလ ၂၈ရက်နေ့က ကချင်ပြည်နယ်မံစီမြို့နယ်က ကိုက်ထိပ်တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ကိုက်ထိပ်ကတော့ မံစီမြို့နယ်ထဲမှာ ရှိပါတယ်။ ဗန်းမော်နဲ့ မန်ဝိန်းကြီးကြားက စစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းကို ဇန်နဝါရီ ၂၈ရက်နေ့က စပြီးတော့ တိုက်တာ။ ၂၉ရက်နေ့ မနက် ၉နာရီခွဲအချိန်မှာတော့ အပြီးသတ် သိမ်းနိုင်တာ ဖြစ်ပါတယ်ခင်ဗျ။ လူအသေအပျောက်တွေက မရှိဘူးလို့ ပြောတယ်။ ဟို မဂျီကုံဆိုတဲ့ သူတို့ရဲ့ တပ်ရင်းဌာနချုပ်ဘက်ကို အကုန်လုံးက ထွက်ပြေးသွားတဲ့ ပုံစံမျိုးဖြစ်နေတာ။ လက်နက်ခဲယမ်းတွေလည်း ဘာမှ မရဘူး။ ကျည်တွေကတော့ နည်းနည်းပါးပါးတော့ ရတယ်လို့တော့ ပြောတယ်။ ”

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီလ ၂၁ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့ကို သိမ်းယူခဲ့ပြီး ကြောင်း သတင်းထုတ်ပြန်ခဲ့သလိုဒီလ ၂၇ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက မိုးမိတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး နဲ့ မိုင်းရှင်းလင်းတာတွေ ဆောင်ရွက်ခဲ့ကြောင်း ဒီလ ၂၈ရက်နေ့ ဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ မိုးမိတ်ဘက်ကို ဆက်သွယ်လို့ မရတာကြောင့် အခြေအနေ အသေးစိတ် မသိရကြောင်း ပြောဆိုထားပါတယ်။

ရှမ်းမြောက်ဒေသအတွင်း တအာင်း TNLA နဲ့ ကိုးကန့် MNDAA စတဲ့ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီအကြား အပစ်ရပ်ထားတာကြောင့် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ညီနောင်မဟာမိတ်အဖွဲ့ဝင် ရခိုင်တပ်တော် AA နဲ့ စစ်ကောင်စီတပ်အကြားမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG