သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီချိုးဖောက်ဟု TNLA ထုတ်ပြန်


လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ နေအိမ်တွေပျက်စီးခဲ့ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မှာ နေအိမ်တွေပျက်စီးခဲ့ (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းက စစ်ရပ်စဲဖို့ သဘောတူထားတယ်ဆိုပေမယ့် စစ်ကောင်စီဘက်က ဒီ သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တအောင်းပလောဝ် ထိန်းချုပ်ဒေသတွေကို ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ရာ မိုးကုတ်နဲ့မိုးမိတ်ကြားမှာာ စတင်ထိုးစစ်ဆင်ခဲ့လို့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးတွဲထုတ်ပြန်ချက်မှာလည်း ဖော်ပြပါတယ်။ ဇန်နဝါလရီလ ၁၁ ရက်နေ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်ကနေ TNLA ထိန်းချုပ်ထားရာ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိးမြိုနယ်ဘက်တွေကို ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တချိန်တည်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကို တနင်္ဂနွေနေ့ မနက်ပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက VOA ကို ပြောခဲ့ပါတယ်။ AA ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီကြား ရခိုင်မြောက်ပိုင်းဒေသ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ AA ရခိုင်တပ်ဘက်က စစ်ကောင်စီစခန်းတွေကို သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးအတော်များများရှိခဲ့တယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်စခန်းကိုလည်း AA ဘက်က ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းမြောက်နဲ့ ရခိုင်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာ မတွေ့ရပါဘူး။ ညီနောင်သုံးဖွဲ့ကို လက်နက်ချခဲ့တဲ့ လောက်ကိုင်မြို့အထိုင် စစ်ကောင်စီရဲ့တပ်မှူး ၆ ဦးကို စစ်ခုံရုံးနဲ့အရေးယူလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ VOA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကို စုံစမ်းမေးမြန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG