သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီ သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်တည်ဆောက်မည် (KNDF)


KNDF ဒုတိယ စစ်ဦးစီးချုပ်မာဝီမှ လွိုင်ကော်တက္ကသိုလ်အတွင်းမှ စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောကြားနေစဉ် (နိုဝင်ဘာ၊ ၂၀၂၃)
KNDF ဒုတိယ စစ်ဦးစီးချုပ်မာဝီမှ လွိုင်ကော်တက္ကသိုလ်အတွင်းမှ စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောကြားနေစဉ် (နိုဝင်ဘာ၊ ၂၀၂၃)

ကရင်နီပြည်နယ်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ်မှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ လက်ရှိ မြို့ ၄ မြို့ ထက်မနည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ လေကြောင်းကနေလည်း တိုက်ခိုက်နေတာ မြေမြှုပ်မိုင်း အန္တရာယ်တွေကြောင့် လူထုတွေ နေရပ်ပြန် နေထိုင်ဖို့ မသင့်တော်သေးပေမဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC)နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ ပူးပေါင်းပြီး ကြိုးစားလုပ်ဆောင်နေပြီလို့လည်း IEC က ဆိုပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို မအင်ကြင်းနိုင် က ပြောပြမှာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်ပိုင်းလောက်က ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးတဲ့နောက် ကရင်နီဒေသတခွင် နေရာအနှံ့မှာ နေ့စဉ်နဲ့အမျှ ယခုချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအရ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က မြေပြင်မှာ အသာစီးရနေပါတယ်။ စစ်ကောင်စီတပ်တွေ ခြေကုတ်ယူထားတဲ့ မြို့ တွေ တစ်မြို့ ပြီး တစ်မြို့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက် သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း၊ စစ်သုံးပန့်အများအပြားလည်း ဖမ်းဆီးရမိပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“မြို့ကတော့ ရွာသစ်မြို့၊ မယ်စဲ့မြို့၊ ရှားတောမြို့၊ မော်ချီးပေါ့ မော်ချီးက မြို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် မြို့နီးနီးပဲပေါ့နော်၊ နောက်ပြီးတော့ ဒီးမော့ဆိုမြို့နယ်မှာပါတဲ့ နန်းမယ်ခုံပေါ့ စတဲ့ မြို့တွေကတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ လက်ထဲအကုန်လုံးရောက်သွားပြီးပေါ့နော်။ ဆိုတော့ အဲ့မြို့နယ်တွေမှာ ကျနော်တို့ လောလောဆယ်တော့ ပြန်လည်ထောင်ရေး ကိစ္စတွေကတော့ ကျနော်တို့ လုပ်ဖို့ စီစဉ်တုန်းပဲဖြစ်ပါတယ်။ အဲ့မှာ စစ်မြေပြင်ဖြစ်ခဲ့တဲ့အတွက် မိုင်းတွေ ရှိတယ်ပေါ့နော်။ လောလောဆယ် ပြည်သူလူထုပြန်လည်နေထိုင်ဖို့က သိပ်ပြီးတော့ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် မကြာခင်တော့ သက်ဆိုင်ရာပေါ့နော် အုပ်ချုပ်ရေးအဖွဲ့တွေကနေ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်တည်ဆောက်ဖို့တွေတော့ ရှိပါတယ်ခင်ဗျ။”

ဒီမြို့တွေဟာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပေမဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်း အန္တရာယ်ကြောင့် ဒေသခံတွေ နေရပ်ပြန်နေထိုင်ဖို့ မသင့်တော်သေးဘူးလို့ ဆိုပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ရင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေပါတယ်။

တပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပြီလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီမြို့တစ်မြို့ချင်းစီရဲ့ တည်နေရာနဲ့ စစ်ရေးအခြေအနေပေါ် မူတည်ပြီးတော့မှ အုပ်ချုပ်ရေးလုပ်ငန်းတွေ နောက်ပြီးတော့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ သူ့ဟာနဲ့ သူတော့ အဆင်ပြေသလိုတော့ လည်ပတ်နေတာတော့ ရှိတာပေါ့နော်။ တစ်မြို့နဲ့ တစ်မြို့မတူဘူးပေါ့နော်။ ဥပမာအားဖြင့်ဆို အုပ်ချုပ်ရေးလုပ်ငန်းကို စတင်ဖို့ ကြိုးစားနေတဲ့ မြို့ကတော့ ကျနော်တို့ ဒီဖက် မယ့်စဲပေါ့နော်၊ မယ်စဲ့နဲ့ ရှားတောမြို့ပေါ့နော်။”

အုပ်ချုပ်ရေးယန္တရားလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ယာယီ စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတာပါ။

မယ်စဲ့မြို့မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်ကြတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) တို့ ပူးပေါင်းအုပ်ချုပ်မှုစနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ IEC အတွင်းရေးမှူး(၂) ဗညာခွန်အောင်က ခုလို ပြောပါတယ်။

“လောလောဆယ်ကတော့ မယ်စဲ့ကတော့ ပူးပေါင်းအုပ်ချုပ်တဲ့ စနစ်နဲ့ သွားဖို့တော့ ရှိတာပေါ့။ အထူးသဖြင့် ဒီတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ KNPPနဲ့ ကလလတ ပေါ့နော်။ ပြီးမှ ကျနော်တို့ IEC ကတော့ နည်းပညာပိုင်းဆိုင်ရာအရ ဝင်ကူမှုတွေ ရှိမယ်။ နောက်ပြီးတော့မှ အခြားတဖက်မှာလည်း IEC ရဲ့ ဌာနတွေပေါ့နော်။ ပညာရေး ကျန်းမာရေးတွေ နောက် လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနတွေ မီးတပ်ဖွဲ့တွေပေါ့နော်၊ ပြည်ထဲဌာနတွေပေါ့နော် ရဲကအစပေါ့နော် အဲ့ဒီဌာနတွေ ဌာနစုတွေကတော့ ကျနော်တို့ သက်ဆိုင်ရာမြို့တွေမှာ အထူးသဖြင့် အခုမယ်စဲ့မြို့မှာ ကျနော်တို့ သွားရောက်ဖွင့်လှစ်နိုင်ဖို့အတွက် ညှိုနှိုင်းဆောင်ရွက်မှုတွေ စလုပ်နေပြီပေါ့နော်။”

မယ်စဲ့မှာ ပူးပေါင်းအုပ်ချုပ်မှုစနစ် လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ KNPP နဲ့ ကလလတ အဖွဲ့ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ရေးပြင်းထန်တဲ့ဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍ အားနည်းချက်တွေ များစွာရှိနေသလို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်း အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် နှစ်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ မြို့ ရွာတွေ ပြန်ပြီး ပြန်လည်အခြေချနိုင်ဖို့က အချိန်ယူရဦးမယ်လို့ ကရင်နီတော်လှန်းရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG