သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ကယားမှာ စာသင်ကျောင်းတွေ ယာယီပိတ်ထားရ


ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် ဒေသတွင်းက စာသင်ကျောင်း ၁၅၀ လောက် ယာယီပိတ်ထားရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဟာ ကျောင်းနေအရွယ်ကလေးတွေ ပညာရေးထိခိုက်အောင် ဖျက်ဆီးနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကပြောပါတယ်။ ကျောင်းသားမိဘနဲ့ ကျောင်းသားကျောင်းသူတွေ ဘေးကင်းလုံခြုံမှုမရှိဘဲ ထိတ်လန့်နေတဲ့ အကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်မှာ ရွာခံကလေးတွေနဲ့ စစ်ဘေးရှောင်ကလေးတွေကို သင်ကြားပေးနေတဲ့ စာသင်ကျောင်း ၁၅၀ ထက်မနည်း ယီယာ ပိတ်ထားရတယ်လို့ ကရင်နီပြည် ကြာကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး (၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“လောလောဆယ်ကတော့ ယာယီပိတ်ထားလိုက်တာပေါ့နော်။ အမှန်တော့ ဒီချိန်ကာလက မကြာခင်မှာ စာမေးပွဲ စရမယ့်ကာလ ဖြစ်တာပေါ့နော်။ တချို့ကျောင်းတွေတော့လည်း စာမေးပွဲ စဖြေနေပြီ၊ တချို့က ဖြေတုန်းပေါ့နော်။ အဲ့လိုမျိုးဖြစ်တယ်။ အကန့်အသတ်ထက်စာရင် ဒီလိုမျိုးပါပဲ ကျနော်တို့ ဒေသမှာက အခြေအနေကြည့်ပြီးတော့ ရက်ပိုင်းလည်း ပြန်ဖွင့်နိုင်ပါတယ်။ ဒါကတော့ စစ်ရေး နိုင်ငံရေးအရ လုံခြုံရေးအပေါ်မူတည်ပြီးတော့ အခြေအနေကြည့်ပြီးတော့မှ ကျနော် ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေကျအတိုင်းပဲ ဖြစ်ပါတယ်။”

မတည်ငြိမ်တဲ့ဒေသတွေမှာ ကျောင်းနေအရွယ် ကလေးတွေ ပညာရေးမဆုံးရှုံးအောင် ကရင်နီပြည်နယ်ထဲ နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေက စုပေါင်းဦးစီးပြီး ဖွင့်ပေးထားတဲ့ စာသင်ကျောင်း စုစုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ ဆရာ၊ ဆရာမ အင်အားက လေးထောင် ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ ကျောင်းသူ၊ ကျောင်းသား အရေအတွက်ကတော့ လေးသောင်း ရှိတယ်လို့ အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။ အဲ့ဒီထဲမှာ ဒီးမော့ဆိုမြို့နယ်ကတော့ ကျောင်းပေါင်း ၁၅၀ ထက်မနည်း အများဆုံးဖြစ်ပြီး အခုတော့ လေကြောင်းရန် စိုးရိမ် ထိတ်လန့်မှုကြောင့် ယာယီ ပိတ်ထားရတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့က ဒီးမော့ဆိုမြို့နယ် ဒေါဆီအီ ကျေးရွာ စာသင်ကျောင်းနဲ့ လွိုင်နန်းဖ ကျေးရွာ စာသင်ကျောင်းတွေကို စစ်ကောင်စီက လေယာဉ် ၂စင်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို ကျောင်းဆောင်တွေလည်း ပျက်ဆီးသွားတယ်လို့ ကိုဗညားက ဗွီအိုအေကို ပြောထားပါတယ်။

စစ်ကောင်စီကတော့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အဲ့ဒီနေ့က လေကြောင်းပျံသန်းမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ကြားခွင့်ကို ဖျက်စီးနေပြီး ကျောင်းဆက်မတက်နိုင်အောင် ကျောင်းဆောင်တွေကို တိုက်ခိုက်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က ဗွီအိုအေကို ပြောပါတယ်။

အခုလို ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ဖြစ်စဉ်ဟာ မကြာခဏကြုံတွေ့ခဲ့ရတာမို့ ကျောင်းသားမိဘနဲ့ ကျောင်းသူ၊ကျောင်းသားတွေက စိုးရိမ်ကြောက်လန့်နေကြတာပါ။ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဘေးကင်းလုံခြုံမှုမရှိလို့ KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ခုလို ပြောပါတယ်။

“ပိတ်လိုက်ရတဲ့ အကြောင်းအရင်းတွေ အဓိကတခုက လုံခြုံရေးပေါ့နော်။ လေကြောင်း အန္တရာယ်ရှိတဲ့အတွက် ကျနော်တို့ ဘယ်လိုမှ ပေါ်ပေါ်ထင်ထင် ကျောင်းတွေဖွင့်လို့မရတဲ့ အနေအထားမျိုးဖြစ်တယ်။ လက်နက်ကြီး အန္တရာယ်လည်း ရှိတယ်ပေါ့နော်။ ဒီးမော့ဆို အခြေစိုက် စစ်တပ်ကနေပြီးတော့မှ ပစ်လာတဲ့ လက်နက်ကြီးတွေရှိတယ်။ နံပါတ်(၂) တစ်ချက်က ဒါမိဘတွေက ဒါစိုးရိမ်လာကြတယ်ပေါ့နော်။ သားသမီးတွေကို ကျောင်းပို့ဖို့ စိုးရိမ်တယ်။ လုံခြုံရေး အန္တရာယ်ကြောင့် ကျောင်းသူ၊ ကျောင်းသားကိုယ်တိုင်ကလည်း ဒါထိတ်လန့်မှုတွေ ဖြစ်သွားတယ်။ သူတို့ရှေ့မှာပဲ သူတို့ကြားသိရတယ်၊ မြင်တွေ့ရတဲ့ ဒီ လေကြောင်းတိုက်ခိုက်မှုတွေ ဒီကအခြေအနေတွေ သူတို့သိရတယ်ပေါ့နော်၊ အဲ့ဒါတွေကြောင့် ဖြစ်တယ်။”

အခုလိုဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြေပြင်မှာ ခံစားနေရတဲ့ ဒေသခံတွေကို ဗွီအိုအေက မေးမြန်းဖို့ ကြိုးစားခဲ့ပေးမယ့် အဲ့ဒီဒေသမှာ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် ဆက်သွယ်လို့မရပါဘူး။ ဒါပေမယ့် ဖုန်းလိုင်းရခဲ့တဲ့ အချိန်တုန်းက ဒီးမော့ဆိုမြို့နယ်မှာ စာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာတဦးကတော့ လက်နက်ကြီးနဲ့ လေယာဉ်အသံတွေ ကြားရင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကြောက်လန့် တုန်လှုပ်နေကြတယ်လို့ အခုလို ပြောပြဖူးပါတယ်။

“ကျနော်တို့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က အဲ့ဒီအသံကြားနေရရင် (ခန္ဓာ)ကိုယ်က တုန်တယ်ပေါ့နော်။ ကျနော်တို့လည်း လူသားပဲ ဖြစ်တဲ့အတွက် ကိုယ်တိုင်က ကြောက်တယ်ပေါ့နော်။ ကျနော်တို့ ကလေးရှေ့မှာ ဘယ်လောက်ပဲ မားမားမတ်မတ် ရပ်တည်ပြီး ပြောတယ်၊ ကလေးမကြောက်ပါနဲ့၊ ကျနော်တို့ကလေးတွေကို ကိုယ်တိုင် ပြောနေသော်ငြားလည်းပဲ ဆရာ၊ ဆရာမတွေကိုယ်တိုင် ကျနော်တို့ ကြောက်တယ်ပေါ့နော်။ အမှန်အတိုင်း ပြောရမယ်ဆိုရင်မယ်ပေါ့နော်။”

ယာယီစစ်ရှောင်စခန်းတွေရှိရာ နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဉ်သုံးပြီး မကြာမကြာ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ယာယီကျောင်းတွေ ထိခိုက်ပျက်စီးရသလို ဘေးကင်းလုံခြုံတယ်လို့ ထင်ရတဲ့ နေရာဆီ မကြာခဏ ပြောင်းရွှေ့ သင်ကြားနေကြရပါတယ်။

ဒါ့အပြင် တိုက်ခိုက်သံတွေကြားရင် စာမသင်ရပဲ ဗုံးခိုကျင်းမှာ ပုန်းခိုနေကြရပါတယ်။ ဒီလိုနဲ့ စစ်ဘေးရှောင်တွေ တစုတစည်းတည်း စုပေါင်းနေထိုင်လို့ မရဘဲ ဝေးလံခေါင်ဖျားတဲ့ နေရာတွေဆီ တိမ်းရှောင်နေကြရတဲ့အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းမတက်ရဘဲ ပညာရေး ဆုံးရှုံးနေရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ကရင်နီနွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG