သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား 


လွိုင်ကော်မြို့နေအိမ်တချို့ မီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)
လွိုင်ကော်မြို့နေအိမ်တချို့ မီးလောင်ကျွမ်းနေစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄)

စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကယား ဒေသအခေါ် ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့အထိ ဆက်လက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့မနက်ပိုင်းလောက်မှာ ပစ်ခတ်မှုဖြစ်ပြီး နောင်ယားရပ်ကွက်က နေအိမ်တချို့ ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးစတင်ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့အထိ နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက် မနေ့မနက်ပိုင်းလောက်မှာ မြို့ပေါ်ရပ်ကွက်က နေအိမ်တချို့ စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“လွိုင်ကော်မှာတော့ ဒီတိုက်ပွဲက နေ့စဉ်နဲ့ အမျှဖြစ်နေတယ်ပေါ့နော်။ စစ်ကောင်စီတပ်ဘက်က ဒါလွိုင်ကော်မြို့ ထဲမှာ လှုပ်ရှားနေတာမျိုးတွေ ရှိတဲ့အတွက် ဒါတိုက်ပွဲတွေပြန်ဖြစ်တယ်။ စစ်ကောင်စီတပ်က နောင်ယာရပ်ကွက်တွေအထိ လာပြီးတော့ မီးလာရှို့တာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ ဒီထိတွေ့တိုက်ပွဲတွေက နေ့တိုင်းလိုလို နီးပါးရှိတယ်ပေါ့နော်။”

နောင်ယားရပ်ကွက်မှာ စစ်ကောင်စီဘက်က တပ်စွဲထားတာကြောင့် မြေပြင်အခြေအနေ သွားမကြည့်နိုင်သေးဘူးလို့ KNDF က ဆိုပါတယ်။ မြေပြင်ရောက်ရှိခဲ့တဲ့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက မနေ့က မီးလောင်တဲ့အခြေအနေဲ့ ပစ်ခတ်မှုအခြေအနေကို ခုလို ပြောပါတယ်။

“လွိုင်ကော်မြို့မှာ နည်းနည်းလေး ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်။ နောက်မီးလောင်မှုတွေတော့ ရှိတယ်။ အသေးစိတ်ကတော့ ကျနော်လည်း မသိသေးဘူးဖြစ်နေတယ်။ ကျနော်က နေ့ခင်းလောက်မှပဲ အဲ့လွိုင်ကော်နဲ့ နီးတဲ့ နေရာရောက်တော့ အသံတွေကြားတာပေါ့နော်၊ မီးလောင်တာ တွေ့တယ်ပေါ့နော် ဒါပေမဲ့ ဘယ်အချိန်စဖြစ်လဲ ကျနော်မသိဘူး၊ ဒါပေမယ့် ကြားတာက မနက်အစောကြီးကတည်းက အသံကြားတယ်ဆိုတော့ သိရတယ်ပေါ့နော် အနီးအနားပတ်ဝန်းကျင် လူကိုမေးတော့ သိရတယ်ပေါ့နော်။ ဒါပေမယ့် ကျနော် လွိုင်ကော်ထဲဝင်တဲ့အချိန်မှာတော့ မီးလောင်တာပဲ တွေ့တယ်ပေါ့နော် အဲ့အချိန်တုန်းက နေ့ခင်းပိုင်းရောက်ပြီး ပစ်တာခတ်တာမကြားတော့ဘူးပေါ့နော်။”

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ ကယားပြည်နယ် အစိုးရ ပြောခွင့်ရ ဦးအောင်ဝင်းဦး ကိုဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။ မြေပြင်အခြေအနေတွေ မေးမြန်းနိုင်ဖို့ ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် စစ်ရေးပြင်းထန်တဲ့ ကရင်နီဒေသအများစုကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့ မရပါဘူး။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် တစ်လေးလုံး စစ်ဆင်ရေးတိုက်ပွဲဟာ အခုဆိုရင် ၄ လ လောက်ရှိလာပြီဖြစ်ပြီး အခုဆိုရင် ကယားဒေသတခုလုံးနီးပါးအပြင် လွိုင်ကော်မြို့ ရဲ့ နေရာအတော် များများကိုလည်း ကရင်နီတပ်ပေါင်းစုတွေဘက်က ထိန်းချုပ်ထားနိုင်သလို မြို့ကိုလည်း ဝန်းရံ ပိတ်ဆို့ ထားတာပါ။ အခုအခါ စစ်ကောင်စီဘက်က နေရာတချို့ကို ပြန်လည်ရယူဖို့ ကြိုးစားလာတာကြောင့် နေ့စဉ်ဆိုသလို တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာလို့ KNDF က ဆိုပါတယ်။

တစ်လေးလုံးတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးရော လေကြောင်းကပါ အပြင်းအထန်ခံ တိုက်ခိုက်နေတာပါ။ ဒီတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေကြေရသလို နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ ဈေး အပါအဝင် ရာနဲ့ချီ ထိခိုက်မီးပျက်ခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“ အဆောက်အဦးတွေ မီးလောင်တာတွေကတော့ ကျနော်တို့ စာရင်းအတိအကျတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် ရာဂဏန်းတော့ ရှိနိုင်တယ်။ ကာလတန်ဖိုးအနေနဲ့ ကျနော်တို့ အတိအကျမပြောနိုင်ဘူးနော်။ ဈေး၂ခု မီးလောင်တယ်။ နောက်ပြီးတော့ ဒီဘုန်းကြီးကျောင်းတွေပေါ့နော် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မီးလောင်တယ်ပေါ့၊ ဈေးကတော့ ၂ခုဖြစ်ပါတယ်။”

ဟိုတုန်းက စည်ကားလှတဲ့ ပြည်နယ်မြို့တော် လွိုင်ကော်ဟာ အခုတော့ ဈေးနဲ့နေအိမ်တွေ မီးလောင်ပျက်စီးပြီးနောက် မြို့ပျက်သဖွယ် ဖြစ်နေပါပြီ။ မြို့မှာ ဆက်လက်နေထိုင်ဖို့ကလည်း အသက် အန္တရာယ်လုံခြုံမှုမရှိဘဲ ကြောက်လန့်နေကြရတာမို့ ဒေသခံအများစုက ဘေးကင်းတဲ့ ဒေသတွေဆီ ပြောင်းရွှေ့ နေထိုင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG