သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသက စစ်ဘေးရှောင်တွေ နေထိုင် စားသောက်ရေး အခက်ကြုံနေ


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားထားတဲ့ ကရင်နီဒေသက သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ မြို့နယ်အသီးသီးမှာ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ သူတို့ရောက်ရှိတဲ့ နေရာမှာ နေ့စားအလုပ်လိုက်ရင်း ဝမ်းစာအတွက် ရုန်ကန်ဖြေရှင်းနေကြပေမယ့် စားနပ်ရိက္ခာ လောက်ငှမှုမရှိဘူးလို့ ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ရသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဆန်ပြတ်လပ်မှုမရှိအောင် ဆန်ပြုတ် ပြုတ်သောက်နေရတဲ့ အခြေအနေ ကြုံနေရပါတယ်။ စားရေးသောက်ရေး ကျပ်တည်းတဲ့အပြင် ခြေ၊ လက်၊ ခန္ဓာကိုယ်ပေါ် အနီရောင် အဖုအပိန့်တွေထွက်တဲ့ အရေပြားရောဂါ ခံစားနေရပြီး ကျန်းမာရေးရှောက်စောင့်မှု မရှိသလောက်ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ပြပေးထားပါတယ်။

စစ်အာဏာမှုနောက်ပိုင်း ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ကရင်နီဒေသ နေရာအနှံ့အပြားမှာ တိုက်ပွဲ တောက်လျှောက် ပြင်းထန်လာပါတယ်။ ဒါကြောင့် တပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးဒဏ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိ ကရင်နီပြည်နယ်ထဲမှာ ခိုလှုံနေသူတွေ ရှိသလို အများစုက ပင်လောင်း၊ ဖယ်ခုံ စတဲ့နီးစပ်ရာ မြို့နယ်အသီးသီးမှာ တိမ်းရှောင်သွားကြပါတယ်။ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်လာကြာတာဟာ အနည်းဆုံး ၂နှစ်ကျော်တိုင်တိုင် ရှိသွားပါပြီ။ ကျယ်ပြန့်လာတဲ့ စစ်ရေးပဋိပက္ခကြောင့် တနေရာပြီး တနေရာ ပြောင်းရွှေ့နေရပြီး အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဒုက္ခအမျိုးမျိုး ကြုံတွေ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

စားနပ်ရိက္ခာ အခက်အခဲကြောင့် ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အခြေအနေ ရင်ဆိုင်နေရပြီလို့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ဘက် ခိုလှုံလာတဲ့ လွိုင်ကော်မြို့နယ် နွားလဝိုး ကျေးရွာက စစ်ဘေးရှောင် အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

“အဆင်မပြေဘူး။ ကလေးက တစ်ဖက်ဆိုတော့လေ။ အိမ်ငှားခလည်း ပေးရတော့ အဆင်မပြေဘူး။ ခဏ သူများအဝတ်ငှါးလျှော်ရင် သွားလျှော်လိုက်တယ်၊ အဲ့ရတဲ့ဟာနဲ့ လောက်အောင် စားတယ်၊ အဲ့ဒါနဲ့။ ဆန်ပြတ်တဲ့ထိတော့ မဟုတ်ဘူးပေါ့။ တစ်ပြည် နှစ်ပြည်လောက်ကျန်ရင် အဲ့ဒါကို ဆန်ပြုတ်လေး ဘာလေးပြုတ်သောက် အဲ့လိုပဲ လုပ်လိုက်တယ်။ ကျမတို့ မိသားစုက ကလေးက ၄ယောက် လင်းမယားနဲ့ ဆိုတော့ ၆ယောက်၊ တူတွေ တူမတွေလည်း ပါလာတယ်၊ အကုန်လုံး ၁၁ ယောက် ရှိတယ်၊ အဆင်မပြေဘူး။ အလုပ်ကလည်း စစ်ဘေးရှောင်ဆိုတော့ ခေါ်ချင်တဲ့လူလည်း သိပ်မရှိဘူး။ (အလုပ်)ရှိတစ်ရက် မရှိတစ်ရက်ပဲ။ အမြန်ဆုံး ငြိမ်ချမ်းပါစေလို့ပဲ ဆုတောင်းတယ်။ အဲ့ဒါမှ ကိုယ့်နေရာ ကိုယ်ပြန်နေရမှာလေ။”

ကရင်နီ စစ်ဘေးရှောင်းတွေက နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းနဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ နေထိုင်ကြသလို တချို့ ယာယီတဲထိုးနေတာနဲ့ တချို့က အိမ်ငှါးနေကြပါတယ်။ နေထိုင်စားသောက်စားရိတ် ကြီးမားနေချိန် ပံ့ပိုးကူညီမှုတွေ မျှော်လင့်မိတယ်လို့ နောက်ထပ် စစ်ရှောင်တဦးက ပြောပါတယ်။

“အဆင်မပြေဘူးပေါ့ဗျာ…အိမ်ငှားပြီးနေရတယ်၊ တစ်လကို တစ်သိန်း။ လောလောဆယ်ကတော့ ထောက်ပံ့ကြေးတွေ ဘာတွေ မရဘူးပေါ့။ လိုတော့ လိုချင်တာပေါ့၊ ဘယ်သူ့ကို ဆက်သွယ်လို့ ဆက်သွယ်ရမှန်း မသိဘူး။”

ကာလကြာရှည် စစ်ဘေးရှောင်ရပြီးနောက်ပိုင်း အစားအသောက် စတဲ့ ပစ္စည်းတွေ ကူညီပေးမယ့် အလှူရှင်တွေ မရှိသလောက် ရှားပါးလာပါတယ်။ အလုပ်အကိုင်ရှားပါး ဝင်ငွေမရှိတာကြောင့် စစ်ရှောင်အများစုက အကျပ်တည်းဘဝ ရောက်ရှိလာကြပါတယ်။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အနေနဲ့ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်သလောက် ပံ့ပိုးမှုပေးနေပေမယ့် လူတိုင်းကို အကူအညီ မပေးနိုင်သေးဘူးလို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ဗွီအိုအေကို ဖြေဆိုဖူးပါတယ်။ နေ့စားခရတဲ့ ဝင်ငွေနဲ့ ဝမ်းစာအတွက် လောက်ငှမှုမရှိဘဲ ချေးငှါးစားသောက်ရင်း လက်ရှိအကြွေး ၆ သိန်းတင်နေတယ်လို့ မန္တလေးတိုင်း သာစည်မြို့နယ်ဘက် ခိုလှုံသွားတဲ့ လွိုင်ကော်စစ်ရှောင်တဦးက ခုလို ပြောပါတယ်။

“ကျမတို့ ကုန်စိမ်းရောင်းကြည့်သေးတယ်လေ၊ အဆင်မပြေဘူး။ စားစရိတ်တွေ ကြီးတဲ့အခါကျတော့ အရင်းလည်း မရှိတာပါတယ်။ မိသားစုများတယ်လေ။ မိသားစု ၁၀ ယောက်ဆိုတော့ အကြွေးက ၆သိန်းလောက် တင်နေပြီ၊ ကုန်စိမ်းတွေ ရောင်းလည်း အဆင်မပြေဘူး။ အခုက စားနပ်ရိက္ခာပြတ်လပ်တယ်။ ဆေးဝါးပစ္စည်းဖိုး လိုတယ်။ အမျိုးမျိုးပဲ ဒီဘက်မှာတော့ အခက်အခဲတွေ အများကြီးပဲ။ ကျမတို့ဖက်မှာ ဆန်၊ ဆီ၊ ဆားကအစ ဝယ်စားရတာ အဆင်မပြေဘူး။ ဆန်တစ်ပြည်ကို ၇,၀၀၀ ပဲ ဝယ်စားရတယ်၊ ဆန်တစ်ပြည် ၇,၀၀၀ ကို နေ့စားခ ၆၀၀၀ ပဲ ရတယ်၊ အဲ့ဒါ နေ့တိုင်းခေါ်သမားမရှိဘူး ဖြစ်နေတယ်။ မျှော်လင့်ချက်တွေက ကုန်သွားပြီ။ အခုမှ ဘဝကို ၁ ကနေ ပြန်စရတော့မယ်။ တော်တော် ဒုက္ခရောက်တယ်။”

စစ်ရှောင်အများစုက စားသောက်ရေးကျပ်တည်းတဲ့အပြင် ဖျားနားတာနဲ့ အရေးပြားရောဂါတွေ ဖြစ်နေကြပါတယ်။ ကလေးသူငယ်နဲ့ အသက်ကြီးပိုင်းကအစ ယားယံလို့ အဖုအပိတ်ထွက်လာတဲ့ အရေးပြားရောဂါဟာ လနဲ့ချီကြာဖြစ်ပွားနေပြီး ကျန်းမာရေးရှောက်စောင့်မှု မရှိဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ပင်လောင်းမြို့နယ်ဘက် ခိုလှုံလာတဲ့ စစ်ရှောင်အမျိုးသမီးက သူတို့ မိသာစုဝင် ၁၁ ယောက်ရှိပြီး လူတိုင်းက အရေပြားရောဂါဖြစ်နေတယ်လို့ ပြောပါတယ်။

“တအိမ်လုံးဖြစ်နေတာ အဖုအပိတ်တွေ ယားတယ်။ ဒီလိုပဲ ဆေးလေးဘာလေးဝယ်သောက် အဲ့လောက်ပဲ။ ပျောက်လိုက် ပြန်ဖြစ်လိုက် အဲ့လိုဖြစ်နေတယ်၊ ၄လ ၅လ လောက်ရှိပြီ။ လူတိုင်းလိုလိုဖြစ်တယ်။ အခု ရွာမှာ၊ တောင်ပေါ်တွေမှာ အဲ့လို စစ်ဘေးရှောင်တွေလည်း အကုန်ဖြစ်တယ်။ ဆေးခန်းကတော့ ရှိတယ်။ ကိုယ့် ပိုက်ဆံအဆင်မပြေတော့ မပြနိုင်ဘူး။”

စစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့အပေါ် ကယားပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ဘာတွေဆောင်ရွက်နေပါသလဲဆိုတာ သိရှိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန့်ကြားရေးမှူး ဦးဇာနည်မောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG