သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်တိုက်ပွဲ ခေတ္တ ငြိမ်သက်


ရှေ့တန်း စစ်မျက်နှာရောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ။ [Photo Courtesy: KNDF]
ရှေ့တန်း စစ်မျက်နှာရောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ။ [Photo Courtesy: KNDF]

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ အနည်းငယ် ပြန်လည်ငြိမ်သက်သွားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေက လွိုင်ကော်နဲ့ ဒီးမော့ဆို တခွင်မှာ ဒရုန်းတွေနဲ့ကင်းထောက်နေသလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ လွိုင်ကော်ဘက်က နောက်ဆုံးအခြေအနေ သတင်းပေးပို့ထားတာကို - ကိုဇော်မိုးကျော်က ပြောပြပါမယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က စတင်ပြီး ကရင်နီပြည်နယ် လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ၄ ရက် ဆက်တိုက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့ နောက်ပိုင်းမှာတော့ နှစ်ဘက် တိုက်ပွဲကြီးကြီးမားမား မရှိပေမယ့် ကြိုကြားကြိုကြား ပစ်ခတ်မှုတွေရှိသလို၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ကရင်နီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ အခြေအနေတွေ ငြိမ်သက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲကတော့ ဒီ ၃ ရက်နေ့လောက်က စဖြစ်တာပေါ့နော်။ ဒီ ၃ ရက်နေ့ ၅ ၊ ၆ ရက်နေ့လောက်အထိ ပြင်းထန်တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ရံဖန်ရံခါ ပစ်ခတ်မှုတွေပေါ့နော် ကြိုကြားကြိုကြား ပစ်ခတ်မှုတွေလောက်ပဲ ရှိတော့တယ်ပေါ့။ အခုတော့ အခြေအနေ နည်းနည်းတည်ငြိမ်သွားပြီးလို့ ပြောလို့ရတယ်ပေါ့နော်။”

စစ်ကောင်စီက လွိုင်ကော်မြို့ကို ပြန်လည် ထိုးစစ်ဆင်ခဲ့တဲ့ ဇူလိုင် ၄ ရက် ၅ ရက် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့စဉ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့တွင်း ကလေးငယ်တဦး အပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။

“လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးတယ်လို့ ကျနော်တို့ သိရတယ်ပေါ့၊ ကလေး တယောက်ပါတယ်လို့ ပြောတယ် ဟုတ်။”

အခုအခါ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့်၊ စစ်ကောင်စီဘက်က လွိုင်ကော်နဲ့ ဒီးမော့ဆိုဒေသမှာ ဒရုန်းတွေနဲ့ ကင်းထောက်နေပြီး၊ လက်နက်ကြီးတွေနဲ့ မြို့ပတ်ဝန်းကျင်မှာ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ကိုဗညားကဆက်ပြောပါတယ်။

“ကျနော်သိတဲ့ အခြေအနေအရကတော့ မြို့ပေါ်မှာတော့ ငြိမ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အခါလျော်စွာ တခါကျရင် စိတ်ကူးပေါက်ရင် ပေါက်သလိုတော့ လက်နက်ကြီးနဲ့ မြို့ပတ်လည်ကိုတော့ နည်းနည်းပတ်ပစ်တာ ရှိတယ်ဆိုတာ သိရတယ်ပေါ့နော်။ နောက်တခု ထူးခြားတာတခုတော့ သူတို့ ဒရုန်းနဲ့ တအားထောက်ပြီးတော့မှ ဒီးမော့ဆိုတခွင် နောက်ပြီးတော့မှ လွိုင်ကော်တခွင်ကိုလည်း ဒရုန်းနဲ့ တအားဝဲပြီးတော့ ထောက်တာ ရှိတယ်ပေါ့ အဲ့ဒါတော့ လောလောဆယ်တော့ သိရတယ်။”

စစ်ကောင်စီဘက်တော့ KNPP/KNDF/PDF တပ်ဖွဲ့တွေက ဇူလိုင်လ ၄ ရက်နေ့က လွိုင်ကော်မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိကြောင်းနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ကို ပြီးခဲ့တဲ့လထဲက စတင်ကာ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး၊ ဇူလိုင်လ ပထမပတ်မှာ ကရင်နီပူးပေါင်းတပ်ဘက်က ဆုတ်ခွါပေးခဲ့ပါတယ်။ ဒါဟာ စစ်ရေးဗျူဟာအရသာ အတိုးအဆုတ် လုပ်တာဖြစ်ပြီး ကရင်နီပူးပေါင်းတပ်ဘက်က ပြန်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG