သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရဖို့လိုလားကြောင်း ကမ္ဘာ့ဒုက္ခသည်နေ့မှာ ပြောဆို


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခု (အောက်တိုဘာ ၂၇၊ ၂၀၂၃)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတခု (အောက်တိုဘာ ၂၇၊ ၂၀၂၃)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ လူအများစုက စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ရပြီး အခုချိန်ထိ အိုးအိမ်စွန့်ခွာနေကြရဆဲဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒေသအခြေအနေ တည်ငြိမ်အေးချမ်းပြီး နေရပ်ပြန်နိုင်ဖို့နဲ့ စာနာမှုအကူအညီတွေ ရရှိဖို့ ဒုက္ခသည်တွေက မျှော်လင့်နေကြပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ ကုသပေးဖို့ နိုင်ငံတကာနဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအန်းအမျိုးသမီးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးချက်ကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဖာမြို့မှာကျင်းပတဲ့ ကုလကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး (UNCTAD) နှစ် ၆၀ မြောက်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲမှာ စကားပြောကြားနေတဲ့ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres (ဇွန် ၁၂၊ ၂၀၂၄)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဖာမြို့မှာကျင်းပတဲ့ ကုလကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး (UNCTAD) နှစ် ၆၀ မြောက်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲမှာ စကားပြောကြားနေတဲ့ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres (ဇွန် ၁၂၊ ၂၀၂၄)

မြန်မာအပါအဝင် ဆူဒန်ကနေ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသအထိ ပဋိပက္ခ၊ ရာသီဥတုဖောက်ပြန်မှုနဲ့ မတည်မငြိမ်ဖြစ်မှုတွေကြောင့် စံချိန်တင် လူဦးရေအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခတွေနဲ့ ကြုံတွေ့ခံစားနေကြရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာ့တဝန်းမှာ ဒုက္ခသည် ၄၃ ဒသမ ၅ သန်း အပါအဝင် လူပေါင်းသန်း ၁၂၀ ကျော်ဟာ အတင်းအကျပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ခေါ် ကရင်နီ ဒေသမှာလည်း စစ်ရေးပဋိပက္ခကြောင့် အရပ်သား အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသလို၊ နေရပ်စွန့်ခွာ ဘေးလွတ်ရာမှာ မကြာခဏပြောင်းရွှေ့ကြရတာမို့ စစ်ဘေးဒုက္ခသည်တွေဟာ ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။

ဒါကြောင့် သူတို့နယ်မြေဒေသမှာ တည်ငြိမ်အေးချမ်းမှုကို လိုလာနေပြီး ဆင်းရဲဒုက္ခဘေးကနေ လွတ်မြောက်ချင်နေပြီလို့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ဘေးရှောင်နဲ့ စစ်ရှောင်အရေး အကူအညီပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ခိုလှုံနေတဲ့ ဖားဆောင်းစစ်ဘေးရှောင်တဦးက တိုက်ပွဲတွေကြား ဘေးဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီး အဲဒီလို ဆင်းရဲဒုက္ခတွေ ရင်ဆိုင်နေရတဲ့ဘဝက လွတ်မြောက်ချင်နေပြီလို့ ခုလို ပြောပါတယ်။

“ကျမတို့က ဖားဆောင်းကလေ ကိုယ့်မြို့ကိုယ့်ရွာလေး မြန်မြန်ပြန်ကောင်းစေချင်တာပေါ့။ ကိုယ့်အိမ်ကိုယ့်အိုးပဲ ပြန်ချင်တာပေါ့။ အကောင်းဆုံးကတော့ မြန်မြန်လေး အဲ့ဒါတွေ ပြီးသွားရင် ကောင်းတာပေ့ါလို့ အဲ့လိုပြောချင်ပါတယ် မျှော်လင့်ချက်ကတော့။ သားကတော့ မိုင်းနစ်မိလို့ ခြေထောက်ပြတ်သွားတာလေ၊ အခုသူ့အဖေနဲ့ ဘားအံမှာ ခြေထောက်သွားတပ်တာရှင်။ အခက်အခဲကတော့ ဒီလိုပါပဲ အများသူလိုပဲပေါ့ ကိုယ်တစ်ဦးတည်းမှာ မဟုတ်တာပေါ့နော်၊ အတတ်နိုင်ဆုံးက ဆင်းရဲဒုက္ခကနေတော့ လွတ်ချင်တာပေါ့ မြန်မြန်လေး ကိုယ့်အိမ် ကိုယ့်ရွာ၊ ကိုယ့်မြို့ကိုယ့်ရွာကိုလည်း ပြန်ချင်တယ် အဲ့လိုမျိုး ကိုယ့်အရပ် ကိုယ့်ဒေသ ကိုယ့်နေဖူးတဲ့ နေရာပဲ လုပ်ကိုင်စားသောက်လို့ရတယ်လေ ဒီမှာကျတော့ ကိုယ်က မကျဉ်လည်တော့လေ အဲ့ဒါကြောင့်လေ၊ စားဖို့က ဟင်းချက်စရာတွေ ဘာတွေကကျတော့ ဈေးမှာ အလှူခံတာပေါ့နော်၊ အောင်ပန်းဈေးတို့ ဘာတို့ ညာတို့အဲ့လိုမျိုး တောင်းလေးနဲ့ သွားပြီး အလှူလိုက်ခံပြီး စားတာပေါ့။ ဆန်တွေ ဆီတွေကျ သူများထုတ်ပေးတာပေါ့ အဲ့လိုမျိုး။”

သားနဲ့ ခင်ပွန်းဖြစ်သူတို့ သားအဖ ၂ ယောက် နွားကျောင်းသွားရင်း မိုင်းနင်းမိရာက သားဖြစ်သူ ခြေထောက် ဆုံးရှုံးခဲ့ရတယ်လို့ သူမက ပြောပါတယ်။ လက်ရှိဘေးလွတ်ရာမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် စစ်ဘေးရှောင်အများစုက နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေကြ။ (ဓါတ်ပုံ_PNLA News & Info)
တိုက်ပွဲဒဏ် အပြင်းအထန်ခံနေရတဲ့ ဆီဆိုင်မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေကြ။ (ဓါတ်ပုံ_PNLA News & Info)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မှာ ရောက်နေတဲ့ စစ်ရှောင်တဦးက တိုက်ပွဲတွေကြား အရပ်သားအိုးအိမ်တွေ ပျက်စီးဆုံးရှုံးရပြီး ဘေးလွတ်ရာမှာ စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြန်လည်ပြုစုပျိုထောင်ပေးမှုတွေ လိုချင်တယ်လို့ ပြောပါတယ်။

“အာဏာရှင်ကိုတော့ မကြိုက်ဘူး။ စစ်ပွဲလည်း မဖြစ်ချင်ဘူး။ ဒီတိုင်းငြိမ်ချမ်းတဲ့နည်းနဲ့ ဖြေရှင်းစေချင်တယ်ပေါ့နော်။ ကိုယ့်အိမ်ကို စွန့်ခွာရတာကြာတော့ ကိုယ့်အိုးအိမ်ပြန်လိုချင်တာပဲနော်၊ ကိုယ့်အိမ်ကိုယ့်အရပ်မှာ ပြန်နေချင်တယ်။ ဒါကမျှော်လင့်ချက်တခုပေါ့။ ကာလရှည်ရှောင်တာကြာတော့ စားဝတ်နေရေးက မပြေလည်တာ ခပ်များများပေါ့နော်။ ကိုယ့်ရဲ့ စားဖို့သောက်ဖို့ ဖူလုံနိုင်ဖို့ ဒါလည်း မျှော်လင့်သလို၊ တချို့က အိမ်လည်း မရှိတော့ဘူးလေနော်၊ အိုးအိမ်ပျက်စီးသွားပြီးဆိုတော့ အပြည့်အဝ မဟုတ်ရင်တောင်ပေါ့နော် ကိုယ့်အိုးအိမ်တွေ ပြန်ပြီးတည်ဆောက်နိုင်တဲ့ အခြေအနေအထိတော့ တခုပေါ့နော်၊ အဲ့လိုမျိုးလည်း လိုချင်တာပေါ့။”

ကာလရှည်တိမ်းရှောင်နေရသူတွေအတွက် နေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည် အခြေချနိုင်ဖို့ အကူအညီလိုအပ်သလို စစ်ဘေးဒုက္ခသည်တွေ သူတို့ ကြုံတွေ့ခဲ့ကြတဲ့ စိတ်ဒဏ်ရာတွေ ကုသပေးဖို့ နိုင်ငံတကာနဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတဦးက ခုလို ပြောပါတယ်။

“ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ လူသားချင်း စာနာထောက်ထားမှုတွေ လိုအပ်ချက်တွေကို ဝိုင်းဝန်းကူးညီထောက်ပံ့ပေးဖို့ပေါ့နော်၊ နိုင်ငံတကာအဖွဲ့အစည်းရော၊ ဒီမှာရှိနေတဲ့ NGO၊ INGO အဖွဲ့အစည်းတွေကအစ အဲ့ဒါတွေက ကူညီထောက်ပံ့မှု တောင်းဆိုခြင်းတယ်။ နောက်တစ်ခါကျတော့ ဒီဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပြန်လည်ကုစားမှုတွေ လုပ်ပေးဖို့ လိုအပ်တာပေါ့နော်။ တချို့ဆိုရင် စိတ်ကျန်းမာရေးတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ တွေ့ရတယ်၊ အများကြီးကြုံရတဲ့ဟာတွေ ရှိတဲ့အခါကျတော့ အဲ့ဒီအပိုင်းမှာလည်း ပြန်ပြီး ကုသမှုတွေ အများကြီးတော့ လိုအပ်တယ်ပေါ့နော်။”

ဒုက္ခသည်တွေဟာ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်း ညီညွတ်မှုတွေ လိုအပ်သလို သူတို့ရဲ့ဘဝတွေ သိက္ခာရှိရှိပြန် ပြန်လည် တည်ဆောက်နိုင်ဖို့ စွမ်းရည်လည်း လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာ့ဒုက္ခသည်များနေ့ မှာ ပြောဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံးက မနှစ် ၂၀၂၃ စာရင်းအရတော့ မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာရတဲ့ ဒုက္ခသည် ၂ သန်း ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲက အများစုဖြစ်တဲ့ တသန်းခွဲလောက်ကတော့ ၂၀၂၁ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာရသူတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဒေသအလိုက် ခုခံစစ်တွေပေါ်လာခဲ့တဲ့နောက်၊ စစ်ကိုင်း မကွေး၊ ချင်း၊ ကချင် ၊ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ စစ်ပြေးဒုက္ခသည်တွေ တိုးများလာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG