သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ မြန်မာနယ်စပ် ဒုက္ခသည်စခန်း ရေဘေးသင့်


ထိုင်းမြန်မာနယ်စပ် ပလောတပို့စခန်း မိုးသည်းမြစ်ရေကြီးလွန်း ကမ်းပါးပြိုလို့ အိမ်တွေပါကုန် (စက်တင်ဘာ ၁၁၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် ပလောတပို့စခန်း မိုးသည်းမြစ်ရေကြီးလွန်း ကမ်းပါးပြိုလို့ အိမ်တွေပါကုန် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ်အနီးက လူဦးရေ ၅၀၀၀ လောက်နေထိုင်ရာ ဒုက္ခသည်စခန်းမှာ မြစ်ရေတက်လာရာက ရေဘေးသင့်နေပါတယ်။ ရေဘေးကြောင့် ဒုက္ခသည်စခန်းက နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ထိုင်း၊ မြန်မာနယ်စပ်က ရေဘေးသင့် အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး လေးကေ့ကော်ငြိမ်းချမ်းရေးမြို့သစ်က ထွက်ပြေးလာသူတွေ မြ၀တီခရိုင်အတွင်းကကျေးရွာတွေကထွက်ပြေးလာသူတွေဟာ ပလောတပို့စစ်ဘေးရှောင်စခန်းမှာနေထိုင်နေတာ ၃နှစ်နီးပါးရှိသွားပါပြီ။ အခုအခါမှာတော့အဲဒီစစ်ဘေးရှောင်စခန်းဟာ သောင်ရင်းမြစ်ကမ်းပါးမှာဆောက်ထားတဲ့အတွက် မိုးသည်းထန်စွာရွာတာ မြစ်ရေကြီးတာတွေကြောင့် အိမ်တွေက မြစ်ရေနဲ့အတူမျှောပါကုန်တယ်လို့ စစ်ဘေးရှောင်တွေကိုအကူညီပေးနေတဲ့ ဦးဇော်ထွန်းကပြောပြပါတယ်။

"ကမ်းပါးမြေတွေက တောက်လျှောက်ပြိုနေတယ် ၊ အိမ်တွေပဲပါသွားတယ် လူတွေကတော့မပါသွားဘူး လူတွေကကြိုပြီး ရှောင်ထားလို့ပါ ။ အိမ်တွေက ၅လုံး ၆လုံးလောက်တော့ပါသွားပြီး မိုးကတော့ မရပ်သေးဘူး ဆက်ပြီးရွာနေသေးတော့ နောက်ထပ်ကမ်းပါးတွေလည်းထပ်ပြိုမယ့်သဘောတော့ရှိတယ်၊ လောလောဆယ် အိမ်တွေပါသွားတဲ့သူတွေကတော့ကျောင်းထဲမှာနေရာချထားတယ် ၊ အဲဒီတော့ ကျောင်းတက်နေတဲ့ ကလေးတွေ မူလတန်းကျောင်းဖွင့်ထားတယ် အဲဒီမှာ လူဦးရေ ၃၀၀ ကျော် ၃၇၀ ၃၈၀လောက်ထိ ရှိတယ်"

ဒီစခန်းမှာကျောင်းနေအရွယ် ကလေး ၃၀၀ကျော်ရှိပြီး လူဦးရေ ၅ထောင်နီးပါးခိုလှုံနေတာပါ။ အခုအခါမှာ မိုးသည်းထန်စွာရွာတဲ့အတွက်သူတို့နေထိုင်ရာ တဲအိမ်တွေလည်း ပျက်စီးကုန်တာကြောင့် အမိုးအကာတွေအဝတ်အစားတွေပါ လိုအပ်နေတယ်လို့လည်းပြောပါတယ်။

"အဓိကတော့ မိုးအရမ်းရွာတော့ မိုးယိုတာ သူတို့က ယာယီတဲတွေပဲဆောက်ထားတာဆိုတော့ မိုးတွေက ဆက်တိုက်ရွာတော့မိုးတွေယိုတယ် အဝတ်အစားတွေက စိုကုန်တော့ ဝတ်စရာမရှိဘူး ဖြစ်နေတယ် အိမ်အတော်များများက ဆောက်ထားတာ ၃နှစ်ဝန်းကျင်ရှိပြီ တချို့အိမ်တွေကတော့ဖြိုပြီး ဆောက်ရမှာ ဒီနှစ်ကုန်ရင်တော့ဆောက်မှ ရတော့မယ်။ အခုကတော့အမိုးတွေလိုတယ်၊ မိုးကာဖျင်တွေ၊ အဝတ်၊ အစားအသောက်တွေလိုပါတယ်"

ပလောတပို့စစ်ဘေးရှောင်စခန်းဟာ သောင်ရင်းမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့စခန်းဖြစ်ပြီး မြန်မာနိုင်ငံကရင်ပြည်နယ်မြ၀တီခရိုင်ထဲမှာတိုက်ပွဲဖြစ်ချိန်ကစလို့ နေရပ်မပြန်နိုင်တဲ့သူတွေ နေထိုင်နေကြတာဖြစ်ပါတယ်။ အခုဆိုရင် မိုးတွင်းကာလဖျားနာတာ ဆေးဝါးလိုအပ်နေတာတွေရှိနေသလို အစားအသောက်အမိုးအကာတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုအကူညီပေးနေသူတွေကပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG