သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်၊ တပ်ကုန်းမှာ မိုးများရေကြီး


နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီးရေကြီးနေစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)
နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီးရေကြီးနေစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီး၊ နောက်ဆက်တွဲ ရေဘေးကြောင့် အရေးပေါ် ဘေးလွတ်ရာ ကယ်ဆယ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုတ်တရက်ရေဘေးသင့်တာကြောင့် ပျောက်ဆုံးနေသူတွေနဲ့ ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ နေပြည်တော်က ရေဘေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး အလိမ္မာ တင်ပြထားပါတယ်။

တပ်ကုန်းမြို့နယ်မှာ မနေ့ကစပြီး မိုးရွာသွန်းတဲ့အရှိန်ကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ မနက်အစောပိုင်းကတည်းက ရေတဟုန်ထိုး တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုတ်တရက်ရေကြီးလာလို့ ရှောင်ချိန်မရဘဲ အများစုက ရေဘေးသင့်နေကြတာပါ။ လူဦးရေ ၂,၅၀၀ ကျော်ရှိတဲ့ မကျီးပင်ကျေးရွာ အုပ်စုမှာလည်း နေအိမ်တွေရေမြုပ်နေပြီး၊ တချို့နေအိမ်တွေဆို ရေစီးနဲ့အလုံးလိုက် မျောပါသွားတာပါ။ ကလေးငယ်တွေနဲ့ မိသားစုလိုက် မန်ကျည်းပင်ပေါ် မှာ မနက်ကတည်းက တက်နေရပြီး၊ ညနေရောက်တဲ့အထိ ကယ်ဆယ်ရေးလာမယ့် သူတွေကို မျှော်နေတယ်လို့ ပြောပါတယ်။

"မန်ကျည်းပင်ပေါ်ပဲ နေနေရတာ။ မကျီးပင်ရွာက။ ရေတွေကလည်း အများကြီးပဲ။ မိုးကလည်း ရွာနေတုန်းပဲ။ တနေကုန်ရွာတာပါပဲ။ အိမ်တွေတောင် ကျွတ်ပါကုန်ပြီ။ ကယ်ဆယ်ရေးကတော့ လာနေပြီလို့တော့ ပြောတာပဲ။ နောက်ထပ် သတိပေးပေးပါဦး။ ကျုပ်တို့မှာ ကလေးတွေနဲ့ ဘယ်လိုလုပ် အိပ်လို့ရမှာတုန်း။ တုန်လည်း တုန်နေပြီမို့လို့ပါ။"

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီးရေကြီးနေစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)
နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီးရေကြီးနေစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

အိမ်ရေမြုပ်လို့ အပင်ပေါ်တက် နေသူတွေနဲ့ အိမ်ခေါင်မိုးပေါ်မှာ တချို့ကလည်း တက်နေကြပါတယ်။ ရေစီးထဲ အိမ်အလုံးလိုက် မျောပါသွားတဲ့အထဲ လူပါနေလို့ ပျောက်ဆုံးသူတွေလည်း ရှိနေပါတယ်။ တနေကုန် ရေဘေးသင့်နေလို့ တချို့ကတော့ အဝေးမှာရှိတဲ့ မိသားစုဝင်တွေ ကနေတဆင့် လာရောက်ကယ်ဆယ်ဖို့ကို အကူအညီတောင်းနေရတယ်လို့ ကင်းသာရွာခံ တဦးကလည်း ပြောပါတယ်။

"အစ်မကလည်း သူကလေ ဆက်သွယ်လို့မရတော့ ဖုန်းနဲ့ဆက်သွယ်ပြီးတော့ အကူအညီတောင်းပေးပါဆိုလို့ ညီမက အကူအညီရှာပေးနေတာ။ သူတို့က ဖုန်းကဆက်သွယ်လို့ မရဘူးလေ။ အသက်အန္တရာယ် ဖြစ်နေတာ။ အိမ်လည်းပါသွားတဲ့အပြင် လူကလည်း မျောပါသွားတာ။ အဲဒါ သစ်ပင်ပေါ်မှာ နေနေတာ ကြာလှနေပြီ။ ၄နာရီ၊ ၅နာရီ မကဘူး။ အဲထက်တောင် ကြာသေးတယ်။ ၈နာရီ၊ ၉နာရီလောက် ကြာပြီနဲ့တူတယ်။ သစ်ပင်ကလည်း အခြေအနေ မကောင်းတော့ဘူး၊ လဲတော့မယ်တဲ့။ ဖုန်းက ဆက်သွယ်လို့ရတဲ့ အချိန်ကျရတယ်။ မရတဲ့အချိန်လည်း မရဘူး။"

ရေကြီးရေလျှံပြီး မိုးရွာသွန်းတဲ့အရှိန်ကြောင့် ဖုန်းဆက်သွယ်ရေးလည်း ခက်ခဲနေပါတယ်။ ကျေးရွာတော်တော်များများ ရေဘေးသင့်နေလို့ ကယ်ဆယ်ရေး အလျင်မီနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ မကျီးကုန်းကျေးရွာအုပ်စု၊ လက်ပံကုန်းရွာမှာလည်း ရေတော်တော်ကြီးနေပြီး၊ ရေစီးနဲ့မျောပြီး ကလေးငယ်တွေ အပါအဝင် ပျောက်ဆုံးသူတွေလည်း ရှိနေတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ရေဘေးသင့်သူတွေဟာ မနက်အစောပိုင်းကတည်းက အိမ်ခေါင်မိုးနဲ့ သစ်ပင်တွေပေါ်မှာ အများစုရောက်နေပြီး၊ အိမ်အပေါ်ထပ်မှာ ပိတ်မိသူတွေလည်း ရှိပါတယ်။ မိုးများပြီး တောင်ကျရေကြောင့် တပ်ကုန်းမြို့နယ်၊ ကင်းသာလမ်းခွဲနားက ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ အဆုံတံတားလည်း ကျိုးကျပျက်စီးသွားတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG