သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဗုံးကြဲလို့ ဖယ်ခုံစစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်းသေဆုံး


ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရအပြီးတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၄)
ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရအပြီးတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီက စက်တင်ဘာလ ၅ ရက် ကြာသပတေးနေ့ ည ၉ နာရီကျော် လောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၅ ယောက်အပါအဝင် ၈ ယောက်သေဆုံးသွားခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည် အများအပြား ဒဏ်ရာ အပြင်းအထန်ရသွားခဲ့တဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ဘေးဒုက္ခသည် ၁၀၀၀ လောက်ရှိနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုအပေါ် ကြာသပတေးနေ့ ၊ စက်တင်ဘာ ၅ ရက် ညပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲမှုကြောင့် ကလေး ၅ ယောက်အပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တယောက်က အစောပိုင်းက ခုလိုပြောပြပါတယ်။

"ရှမ်းပြည်နယ် တောင်ပိုင်းဖယ်ခုံမြို့နယ်ထဲက မနေ့ညက ၉နာရီကျော်လောက်က စစ်ဘေးရှောင်စခန်းကြီးတခုကို လေယာဉ်နဲ့လာကြဲတာ အလောင်းတွေတော့ ၈လောင်းတော့ထွက်လာပြီ သွားရှာတော့ ထိခိုက်တာတွေတော့ ဆေးရုံကိုတော့ ပို့ထားတယ်။"

VOA မြန်မာပိုင်းက နောက်ဆုံး သိရတဲ့ သတင်းအရ ကလေးငယ် ၇ ယောက်အပါအဝင် ၁၀ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရအပြီးတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၄)
ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခု ဗုံးကြဲခံရအပြီးတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၄)

ဒီစစ်ဘေးရှောင်စခန်းမှာ ကျောင်းနေအရွယ် ကလေးငယ် ၆၀၀ ဝန်းကျင်လောက်နဲ့ လူဦးရေ ၁၀၀၀ လောက်နေထိုင်နေကြတာပါ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ အများစုနေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်း အပေါ် စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒဏ်ရာရသူတွေလည်း များတယ်လို့ ပြောပါတယ်။

"လူဦးရေ ၁၀၀၀လောက်ရှိတဲ့စစ်ရှောင်စခန်းကြီးမှာဒဏ်ရာရသူတွေကတော့သေချာမသိသေးဘူး အခုကိုဆေးရုံပို့နေကြတုန်းပဲဆိုတော့ ဆေးရုံကိုသွားမှသေချာသိရမယ် လူတွေလည်းရှုတ်နေတော့လေ သေဆုံးသူတွေကတော့ ၈ ယောက်ပေါ့နော် ကျန်တဲ့သူတွေလည်း ပစ္စည်းတွေရွေပြောင်းနေတော့ ဆေးရုံရောက်မှသိရမယ်။"

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်ကို သွားပြီး နှစ်ရက်အကြာမှာ အခုလို ဗုံးကြဲ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်တွေကြား အရင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေ ဖြစ် မနေဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်နေတဲ့ နေရာအပေါ် ဗုံးကြဲခံရတဲ့အတွက် ဒုက္ခသည်တွေဟာ ဘယ်ကို ထပ်ပြီး သွားရမှန်း မသိဖြစ်နေကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဆေးရုံ ဆေးခန်းတွေမှာ လုံလောက်တဲ့ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေ အလုံအလောက်မရှိတာကြောင့် အခြေအနေဆိုးတဲ့ ဒဏ်ရာပြင်းထန်သူတွေကိုလည်း ကုသဖို့လည်း အခက်အခဲတွေ ရှိနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG