သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲရဲ့ လွိုင်ကော်ခရီးစဉ် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ


ကယားပြည်နယ် လွိုင်ကော်မြို့မှာ အစည်းအဝေးပြုလုပ်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (စက်တင်ဘာ ၅၊ ၂၀၂၄)
ကယားပြည်နယ် လွိုင်ကော်မြို့မှာ အစည်းအဝေးပြုလုပ်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (စက်တင်ဘာ ၅၊ ၂၀၂၄)

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်ကို ရောက်ရှိနေချိန် ၁၂၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNDF က ဗွီအိုအေကို ပြောပါတယ်။ ကယားပြည်နယ်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်တာ၊ သန်းခေါင်စာရင်းကောက်ယူတာတွေ အောင်မြင်အောင်လုပ်မယ်လို့ စစ်ခေါင်းဆောင်က သူ့ရဲ့ လွိုင်ကော်ခရီးစဉ်မှာ ပြောဆိုနေတာဟာ မဖြစ်နိုင်တဲ့ကိစ္စတွေ ပြောဆိုနေခြင်းဖြစ်ပြီး လွိုင်ကော်နဲ့အနီးတဝိုက်က ခုချိန်ထိ တည်ငြိမ်မှုမရှိဘဲ နှစ်ဖက်တိုက်ပွဲ ဆက်ရှိနေဆဲဖြစ်တယ်လို့ KNDF က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၄ ရက် မနေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ၁၂၀ မမ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်ရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။ စစ်ခေါင်းဆောင်ရဲ့ လွိုင်ကော်ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ စက်တင်ဘာလ ၄ ရက်နဲ့ ၅ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခံမြို့ အနီးတဝိုက်မှာ နှစ်ရက်ဆက် တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းမီဒီယာတချို့က ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့ကို ပြန်ပြလည်ထူးထောင်ရေးလုပ်ငန်းနဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေ ရောက်အောင် ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ လွိုင်ကော်ခရီးစဉ်မှာ ပြောဆိုပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ အစိုးရတခုတည်းမဟုတ်ဘဲ ဒေသခံလူထုတွေကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ လိုတယ်လို့ သူက တိုက်တွန်း ပြောထားပါတယ်။ လာမယ့် အောက်တိုဘာလအတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ လွိုင်ကော်ခရီးစဉ်မှာ ပြောပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။ ရွေးကောက်မကျင်းပမီ ကြိုတင်ပြင်ဆင်တဲ့ ကာလမှာ ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ဒေသတွင်း တည်ငြိမ်အောင် ဆောင်ရွက်မယ်လို့ သူက ပြောသွားပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စ မဖြစ်မြောက်အောင် တားဆီးသွားမယ်လို့ KNDF စစ်ရေးချုပ် ခူရီဒူက ခုလို ပြောပါတယ်။

“သူတို့တွေက ဆုံးရှုံးမှုတွေများလို့ လာတယ်လို့ ကျနော်အနေနဲ့ အဲ့လိုမျိုးနားလည်တယ်။ နောက်တစ်ခုက သန်းခေါင်စာရင်းကိစ္စ၊ ကောက်မယ် ဆိုတဲ့ကိစ္စ ကျနော်တို့ ကြားသိရတယ်။ သို့မယ့်လည်း ဖြစ်နိုင်ချေကတော့ ရှိလည်း မရှိဘူးပေါ့နော်။ ပြီးတော့ ကျနော်တို့လည်း သန်းခေါင်စာရင်းကိစ္စ မဖြစ်အောင်လည်း ကျနော်တို့က ကာကွယ်တားဆီးပါလိမ်မယ်ပေါ့နော်။”

လက်ရှိချိန်ထိ လွိုင်ကော်မြို့နဲ့ အနီးတဝိုက်မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ ဆက်ရှိနေပါတယ်။ ဒီလိုအနေအထားမှာ ပုံမှန်အခြေအနေပြန်ရောက်အောင် ဆောင်ရွက်မယ်ဆိုတာ မဖြစ်နိုင်ဘဲ စစ်ကောင်စီရဲ့ စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“သန်းခေါင်စာရင်းတို့၊ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါပြောသွားတာကတော့ ဒါ မဖြစ်နိုင်ဘူးလို့ပဲ ပြောရမယ်ပေါ့နော်။ ဒါကို စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်တယ်။ နောက် ဒီလွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ကြောင်း စသဖြင့် ဟန်ပြသက်သက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်ပေါ့နော်။ လတ်တလော လွိုင်ကော်နဲ့ အနီးတဝိုက်မှာတော့ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတုန်းဖြစ်ပါတယ်။”

သန်းခေါင်စာရင်းကောက်ယူပြီး ရွေးကောက်ပွဲဖန်တီးတာက နိုင်ငံတကာကို ချပြဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက သုံးသပ်ပါတယ်။

“စစ်ကောင်စီကတော့ ဆက်ပြီးတော့မှ သန်းခေါင်စာရင်းလုပ်နိုင်အောင်တော့ ဒါက နိုင်ငံတကာကို ပြလို့ကောင်းတဲ့ အချက် တချက်ပေါ့နော်။ အဓိက သန်းခေါင်စာရင်းကောက်တယ် လုပ်တယ်ဆိုတာကလည်း အားလုံးသိတဲ့အတိုင်းပဲ တရားဥပဒေစိုးမိုးမှုရှိပြီ၊ ငြိမ်ချမ်းသာယာမှုရှိပြီ၊ တည်ငြိမ်မှုရှိပြီ၊ နယ်မြေစိုးမိုးမှုရှိပြီ ဆိုတဲ့ဟာကို သူက ဒါလည်း Reflect ပြတဲ့ သဘောလည်း ပါတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် အဲ့ဒါ အတင်းလုပ်တာလည်း ပါတယ်ပေါ့နော်။ ရွေးကောက်ပွဲဖြစ်ခြင်း မဖြစ်ခြင်းက တပိုင်းဖြစ်မယ်။ လောလောဆယ် သူတို့နိုင်ငံတကာကို ပြချင်တဲ့အပိုင်းက သူတို့ထိန်းချုပ်နိုင်တယ်၊ သူတို့လက်အောက်မှာ ရှိတယ်ဆိုတာပေါ့နော်။”

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီက တိုက်တွန်းတာ၊ ဈေးဆိုင်တွေ ဖွင့်လှစ်၊ ယာဉ်လိုင်းတွေ ပြေးဆွဲခိုင်းတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲ ပြန်ပြင်းထန်တာနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံအများစုက မပြန်နိုင်ပါဘူး။ လွိုင်ကော်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ နှစ်ဖက်အဖွဲ့က ဆက်လက် ကြိုးပမ်းနေပြီး မြေပြင်မှာ တည်ငြိမ်မှုမရှိဘူးလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ၁၁၁၁ စစ်ဆင်ရေးမှာ ဒီးမော့ဆို၊ ရှားတော၊ ရွာသစ်၊ မိုးဗြဲ၊ မော်ချီးနဲ့ မယ်စဲ့မြို့ အပါအဝင် မြို့ ၈ ခုလောက် ကရင်နီ ပူးပေါင်းတပ်ဘက်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ တော်လှန်ရေးဘက်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ၂၀၂၄ နှစ်ဆန်ပိုင်းကတည်းက အုပ်ချုပ်ရေးယန္တရားလုပ်ငန်းတွေ အစပျိုးနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ဗွီအိုအေကို ပြောဆိုဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG