သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား နေ့စဉ်လိုလိုတိုက်ပွဲရှိနေ


ရှေ့တန်း စစ်မျက်နှာရောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ။ [Photo Courtesy: KNDF]
ရှေ့တန်း စစ်မျက်နှာရောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ။ [Photo Courtesy: KNDF]

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းဖွဲ့တပ်တွေကြား ကြိုကြားကြိုကြား တိုက်ပွဲဆက်ရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (ICE)က ဗွီအိုအေကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာ ကြောင့် နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။ ကရင်နီနဲ့ ရှမ်းပြည်တောင်က စစ်ရေးအခြေအနေ နောက်ဆုံးရသတင်း ပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့ဘက်မှာ နေ့စဉ်ဆိုသလို ကြိုကြားကြိုကြား နှစ်ဖက် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(ICE) အတွင်းရေးမှူး(၂) ကိုဗညားက ဩဂုတ် ၅ ရက် ညနေပိုင်းမှာ ဗွီအိုအေကို ပြောပါတယ်။ ကရင်နီတော်လှန်ရေး အင်အားစုဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။

"တိုက်ပွဲကတော့ လွိုင်ကော်မြို့ပေါ်မှာ ကြိုကြားကြိုကြားတော့ ရက်တိုင်းရှိတယ်ပေါ့နော်။ တကယ့်ကို တိုက်ပွဲကြီးတွေ တချို့ရက်တွေမှာ ဖြစ်တယ်၊ တချို့ရက်ကတော့ ကြိုကြားကြိုကြားဖြစ်တယ်။ နောက်စစ်ကောင်စီတပ်ကလည်း ဒီလွိုင်ကော်အရှေ့ဖက်ခြမ်းပေါ့ တချို့စစ်ရှောင်စခန်းရှိတဲ့နေရာဘက်ကို စစ်ကြောင်းတွေ ထိုးလာတာရှိတယ်ပေါ့နော်။ အဲ့တော့ ကျနော်တို့ကလည်း မြို့တွင်း တချို့ သူတို့တွေရဲ့ ကင်းစခန်းတွေကို ဝင်တိုက်တာရှိသလို သူတို့ကလည်း ကျနော်တို့ ထိန်းချုပ်ထားတဲ့ တချို့နယ်မြေထဲကို ဝင်လာတာရှိတယ်ပေါ့နော်။ သူတပြန် ကိုယ်တပြန် ကိုယ်တက်လိုက်သူ ဆုတ်လိုက် အဲ့လိုမျိုးပုံစံကတော့ ရက်တိုင်းရှိနေတယ် ဟုတ်။"

စစ်ကောင်စီဘက်က လေယာဉ်ရော ဒရုန်းဗုံးနဲ့ပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

"တချို့ရက်တွေမှာကတော့ လေယာဉ်နဲ့ ဗုံးကြဲတာရှိသလို တချို့ရက်တွေမှာ ဒရုန်းနဲ့ကြဲတာရှိတယ်၊ တချို့ရက်တွေက လက်နက်ငယ်နဲ့ပေါ့နော် အဲ့လိုပုံစံနဲ့ ရှိပါတယ်။ လောလောဆယ်ကတော့ ဒီလွိုင်ကော်မြို့အပြင် တချို့မြို့နယ်မှာလည်း ကြိုကြားကြိုကြား ထိတွေ့မှုတွေ ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ ရှမ်းနဲ့ကရင်နီနယ်စပ်မှာလည်း စစ်ရေးအရကလည်း ပြောလို့မရတဲ့ အခြေအနေပေါ့နော်။ အားလုံးသိတဲ့အတိုင်းပဲ KNDF ကလည်း ထုတ်ထားတာရှိတယ်ပေါ့နော်။"

ပြီးခဲ့တဲ့ ဇွန်လဆန်ပိုင်ကတည်းက လွိုင်ကော်မြို့ဖက်ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး နေရာအနှံ့ စစ်ကြောင်း ထိုးလာတာကြောင့် ဇွန်လနဲ့ဇူလိုင်လအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တန်ပြန်တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နောင်ဝိုးဘက်ကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် အဖွဲ့တွေ စစ်ကြောင်းဖြန့် စစ်ထိုးဆင်လာတာကြောင့် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ရှိခဲ့သလို ဇူလိုင်လလယ်မှာ ဖယ်ခုံမြို့နယ်ထဲ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံး တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးရသလို စစ်ရှောင်နေအိမ်နဲ့ ဒေသခံနေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

"ပြည်သူနေအိမ်ကတော့ ၉၀၊ စစ်ရှောင်နေအိမ်က ၅ လုံးပေါ့၊ ဆိုတော့ ၉၅ လုံးအထိ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေရော လေယာဉ်ဗုံးချတာကြောင့်ရော ပျက်စီးရတာရရှိပါတယ်။ ပြည်သူရဲ့ ထိခိုက်သေဆုံးမှုကတော့ ဒါ စစ်ကောင်စီရဲ့ လက်နက်ကြီးရယ်၊ ဒရုန်းဗုံးချမှုတွေကြောင့်ပေါ့နော် ပြည်သူ ၅ ဦးသေဆုံးခဲ့ပါတယ်။"

တိုက်ပွဲတွေအတွင်းမှာ လက်နက်ခဲယမ်း ၃၀ ကျော်နဲ့ ဆက်စပ်ပစည်းတွေ သိမ်းဆည်းရပြီး စစ်ကောင်စီဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့လည်း KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။ ပင်လောင်းနယ်ဆောင်းပြောင်းကျေးရွာအုပ်စု တိုက်ပွဲမှာတော့ အထိုင်စခန်းကုန်း (၁) ခုနဲ့ ရဲစခန်းကို သိမ်းပိုက် မီးရှို့ ရှင်းလင်းခဲ့ပြီး ဖယ်ခုံမြို့နယ်စပ်က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ရဲ့ စခန်းကုန်း ၂ ခုနဲ့ စစ်ဆေးရေးဂိတ်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်းလည်း KNDF က ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG