သုံးရလွယ်ကူစေသည့် Link များ

လုံခြုံရေးထိခိုက်မှု ဖြစ်စဉ်များက မဲမသမာမှုကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် အကြောင်းပြ


 မန္တလေးမြို့၊ မြို့တော်ခန်းမမှာတွေ့ရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဩဂုတ် ၂၆၊ ၂၀၂၄)
မန္တလေးမြို့၊ မြို့တော်ခန်းမမှာတွေ့ရတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဩဂုတ် ၂၆၊ ၂၀၂၄)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌ

လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များက မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ဖြစ်တယ်

ဒါက မမှန်ကန်ပါဘူး
အချက်အလက်စိစစ်ခြင်း

လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များက နိုင်ငံရေးကိုအခြေခံပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က မန္တလေးမြို့ကို ရောက်ရှိချိန်မှာ ပြောဆိုခဲ့တာပါ။ စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ NLD ပါတီက ဦးဆောင်ပြီး မဲမသမာမှုကို လုပ်ဆောင်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။

ဒါက မှားယွင်းနေပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းများနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က စွပ်စွဲပြောနေပေမယ့် ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းများက ထုတ်ပြန်ထားချက်တွေမှာတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် စီမံခန့်ခွဲဆိုင်ရာ အားနည်းချက်များနဲ့ ချွတ်ချော်မှုများရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်တခုလုံးကို ပြောင်းလဲစေနိုင်တဲ့အထိ သက်ရောက်မှုမရှိဘူးဆိုတဲ့အချက်ကို ထောက်ပြခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာတော့ စောင့်ကြည့် လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိခဲ့သည်ကို လေ့လာတွေ့ရှိပါသည်။ သို့သော်လည်း ရွေးကောက်ပွဲရလဒ်များသည် မဲဆန္ဒရှင်အများစု၏ သဘောထားနှင့်အညီ ရရှိလာသော ရွေးကောက်ပွဲရလဒ်များ ဖြစ်သည်ကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိပါသည်။ လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှုဟာ အာဏာသိမ်းမှုဖြစ်စဉ်အပြီး ၂ လအကြာ ဧပြီလအတွင်းမှာမှ စတင်ပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဒေသတွေမှာ လက်လုပ်တူမီးသေနတ်တွေနဲ့ ခုခံတော်လှန်မှုအစပြုခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုကို နိုင်ငံတဝန်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းလမ်းနဲ့ စတင်ခဲ့ကြပေမယ့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေအသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင်လာတာကြောင့် လက်နက်ကိုင်ခုခံမှုကို ရွေးချယ်ရတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖြိုခွင်းတာကြောင့် ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက်နေ့ (၁)ရက်တည်းမှာတင် နိုင်ငံတဝန်း အရပ်သားပြည်သူ (၁၀၀) ကျော်ခန့် သေဆုံးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းမှာ အရပ်သားထိခိုက်သေဆုံးမှုတွေကို အချက်အလက်ကောက်ယူဖေါ်ပြတဲ့ အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် မတ်လ (၁)လအတွင်းမှာတင် နိုင်ငံတဝန်း အရပ်သားပြည်သူ (၅၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ အာဏာသိမ်းပြီး ( ၂) လအတွင်း အနည်းဆုံး ပြည်သူ (၅၄၃) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၇၂၄၁) ဦးရှိပြီး အဲ့ဒီအထဲက (၂၀၇၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး (၃) လအကြာမှာ ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းကြောင်း စတင်ကြေညာပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ ခုခံတော်လှန်စစ်စတင်ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ အတွင်းကနေ စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းအထိ နိုင်ငံတဝန်း တိုက်ပွဲပေါင်း ခုနှစ်ထောင်ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar က အချက်အလက်စုစောင်းပြီးထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းမှုမတိုင်ခင်က လက်နက်ကိုင်တိုက်ပွဲများမရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းမှာ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး အရပ်သားနေအိမ် ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ အချက်အလက်ကောက်ယူနေတဲ့ Data For Myanmar က ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားမှာလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလားတူ ပြစ်တင်စွပ်စွဲချက်ကို ပြောခဲ့ဖူးပါတယ်။ စစ်ကောင်းခေါင်းဆောင်ရဲ့ ပြောဆိုမှုကို VOA မြန်မာပိုင်းက အချက်အလက်စစ်ဆေးပြီး ဖေါ်ပြခဲ့ပါတယ်။


အာဏာသိမ်းမှုအလွန် ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများနဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်က တော်လှန်ရေးအင်အားစုများ ၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများကို မကြာခဏပြစ်တင်ပြောဆိုလေ့ရှိတာကိုတွေ့ရပါတယ်။

(၇၅) နှစ်တာအတွင်း ပထမဆုံးအကြိမ် ကျဆုံးလက်လွှတ်ရသည့် တိုင်းစစ်ဌာနချုပ် အဖြစ်“ရမခ တိုင်းစစ်ဌာနချုပ်”ကို လက်လွှတ်ခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အကြီးဆုံးမြို့ လားရှိုးမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။ အဲ့ဒီမိန့်ခွန်းအတွင်းမှာလည်း NLD အစွန်းရောက်ပါတီဝင်အချို့ရဲ့ ဦးဆောင်မှုနဲ့ လက်နက်ကိုင် ဆူပူအကြမ်းဖက်လုပ်ရပ်တွေကို စတင်လုပ်ဆောင်ခဲ့ကြတယ်လို့ စွပ်စွဲပြောဆိုခဲ့သလို တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ MNDAA, TNLA, AA, KIA, KNU, KNPP/KNDF တို့ ကိုလည်း စွပ်စွဲပြစ်တင်ဝေဖန်မှုတွေ ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာလည်း နိုင်ငံကို ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်နေကြခြင်းဖြစ်ပြီး ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါ ဒေသတွင် နေထိုင်ကြတဲ့ ဒေသခံအဖျက်သမားအကြမ်းဖက်များဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က စွပ်စွဲပြစ်တင်ပြောဆိုဖူးပါတယ်။

စစ်ကောင်စီခေါင်းဆောင်က လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူသွားမှာဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထပ်မံပြောဆိုထားပေမယ့် နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ မြို့တွေကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်နေရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်လာပြီး နယ်စပ်ဒေသတွေအပါအဝင် စစ်ကောင်စီထိန်းချုပ်မြို့တွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လာကြပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဖေါ်ဆောင်လာကြတာတွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို တော်လှန်ရေးအင်အားစုတွေ ထပ်မံဖေါ်ဆောင်လာပြီးနောက် နိုင်ငံတဝန်း စစ်ကောင်စီက လက်လွှတ်ရသည့် မြို့ပေါင်း ( ၈၀) နီးပါးအထိရှိလာပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရှမ်းမန်းစစ်ဆင်ရေးကို ဖေါ်ဆောင်လာပြီး မန္တလေးတိုင်းဒေသအတွင်းမှာ စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲများ မြင့်တက်လာခဲ့တာကိုတွေ့ရပါတယ်။ မန္တလေးတိုင်းဒေသအတွင်း မိုးကုတ်၊စဉ့်ကူး၊သပိတ်ကျင်းမြို့တို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ပြီး မန္တလေးမြို့နဲ့ နီးကပ်တဲ့ စစ်ကောင်စီတပ်စခန်းသိမ်းမှုတွေကိုလည်း ဖေါ်ဆောင်လာတာတွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံတဝန်းတိုက်ပွဲများ (၂၈၁) ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်၏ တပ်စခန်း ကြီးငယ်ပေါင်း (၇၀) နှင့်အထက်ကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ ထုတ်ပြန်တဲ့ Burma Civil War Museum ရဲ့ War Desk အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
သတင်းမီဒီယာများရဲ့ ဖေါ်ပြမှုအပေါ် အချက်အလက်ကောက်ယူမှုအရ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားမှုပေါင်း အကြိမ် (၂၃၀) ကျော်ရှိတာကိုတွေ့ရပါတယ်။

အာဏာသိမ်းမှုအလွန် (၃) နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ မဲမသမာမှုကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုနေပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ကိုင်တွယ်မှုများကြောင့် လက်နက်ကိုင်ခုခံမှုများ ဖြစ်ပေါ်လာရတဲ့ အချက်ကို ဖုံးကွယ်ထားတာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပဖို့ အကြိမ်ကြိမ်ပြောဆိုနေပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များနဲ့ ပါတီဝင်များကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်နိုင်တဲ့ အခြေအနေမှာ ရှိမနေဘဲ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေနဲ့ မြို့တွေကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်နေရတာကို တွေ့ရပါတယ်။

XS
SM
MD
LG