သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေကြတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်စွပ်စွဲ


နေပြည်တော်တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားနေစဉ် (ဇွန် ၇၊ ၂၀၂၄)
နေပြည်တော်တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားနေစဉ် (ဇွန် ၇၊ ၂၀၂၄)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စိစစ်ခြင်း

နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင်ပါတယ်။ ဒါ့အပြင် NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အချို့က သဘောတူညီချက်များကို ဖေါက်ဖျက်လာနေတယ်လို့ ဇွန်လ (၇) ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်က စွပ်စွဲပြောဆိုပါတယ်။

“နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်နေကြခြင်းဖြစ်ပြီး ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါ ဒေသတွင် နေထိုင်ကြတဲ့ ဒေသခံအဖျက်သမားအကြမ်းဖက်များဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါဒေသတွင်နေထိုင်ကြတဲ့ ဒေသခံအကြမ်းဖက်များက လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဒါဟာ “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေများအပေါ် စစ်ခေါင်းဆောင်က ဒေသခံတွေကို အပြစ်တင်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီခေါင်းဆောင်ရဲ့ မိန့်ခွန်းအတွင်း NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ NCA သဘောတူညီချက်တွေကို ချိုးဖေါက်လာနေတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။

ဒါက မှားယွင်းနေပါတယ်။

နိုင်ငံကိုပျက်စီးအောင် အဖျက်သမားစိတ်ဓါတ်ရှိတဲ့ နိုင်ငံသားတွေက “အရိပ် နေနေ၊ အခက်ချိုးချိုး” လုပ်နေကြတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင် စွပ်စွဲပြောဆိုထားတွေပေမယ့် အာဏာသိမ်းမှု ၃ နှစ် တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်စီးမှုတွေကြောင့် နိုင်ငံတဝန်း နေအိမ်ပေါင်း ရှစ်သောင်း(၈၀၀၀၀) ထက်မနည်း ပျက်ဆီးခဲ့ရတယ်လို့ အချက်အလက်တွေက ဖေါ်ပြနေပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအတွင်း တိုင်းဒေသနဲ့ ပြည်နယ်များအလိုက် ဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး ဒေသခံများကို ပြစ်တင်ပြောဆိုရာမှာ "သားရေပေါ်အိပ် သားရေပေါ်စား" များဖြစ်ကြတယ်လို့ ဥပမာပေးပြောဆိုခဲ့ကြောင်း MRTV သတင်းရုပ်သံမှာ ထည့်သွင်းထားပေမယ့် စာဖြင့် ပြန်လည်ဖေါ်ပြတဲ့ သတင်းများအတွင်း “အရိပ် နေနေ၊ အခက်ချိုးချိုး” ဟု ဥပမာပေးပြောဆိုခဲ့တယ်လို့ ပြောင်းလဲဖေါ်ပြကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားနေအိမ်ပေါင်း ခုနစ်သောင်း ခြောက်ထောင် ကိုးရာ (၇၆၉၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြေပြင်အချက်အလက် ကောက်ယူတဲ့ အဖွဲ့တခုဖြစ်တဲ့ Data for Myanmar က ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံများ၊စာသင်ကျောင်းများအပါအဝင် အရပ်သားနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧ‌ပြီလ အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၄၇၁ ကြိမ် အထိ လုပ်ဆောင်ခဲ့တယ်လို့။ အချက်အလက် စောင့်ကြည့်တဲ့ အဖွဲ့တခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ (၁၈၇) ခု၊ စာသင်ကျောင်း (၁၁၄) ခုနဲ့ ဆေးရုံ (၃၉) ပျက်စီးဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူပေါင်း (၁၂၉၅) ဦးသေဆုံးခဲ့ရတယ်လို့ အဲ့ဒီ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် (၁) နှစ်အတွင်းမှာတင် စီကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်းက နေအိမ်ပေါင်း သုံးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအပေါ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ ပြည်သူတွေကို အပြစ်တင်လေ့ရှိပြီး လက်နက်ကိုင်အကြမ်းဖက်မှုတွေဟာ ပြည်သူတွေ စာမတတ်တဲ့ အကျိုးဆက်ကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းမှာ ပြောဆိုဖူးပါတယ်။ စစ်ကောင်စီ ဒုခေါင်းဆောင် ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် VOA မြန်မာပိုင်းက အချက်အလက်အခြေပြု ရေးသားထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲက မဲစာရင်းမှားယွင်းမှုက နိုင်ငံသမိုင်းအတွက် အမဲစက်ဖြစ်ခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုထားတာကိုတွေ့ရပါတယ်။ အလားတူ မဲမသာမှုကို ဥပဒေနဲ့ အညီမဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာပြုလုပ်ခဲ့တဲ့ (NCA) လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား မိန့်ခွန်းမှာ အပြစ်တင်ပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ အဆိုပါပြောဆိုချက်အပေါ် VOA မြန်မာပိုင်းက အချက်အလက်အချေပြု ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းပြီးနောက်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းမဖက်ဆန္ဒပြတဲ့နည်းနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်များအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းပြီး ( ၂) လအတွင်း အနည်းဆုံး ပြည်သူ (၅၄၃) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းတာကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁) ရက်နေ့က အာဏာသိမ်းပြီး ၄ လ အကြာ ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက်နေ့ တစ်ရက်တည်းမှာတင် နိုင်ငံတဝန်း အရပ်သားပြည်သူ (၁၀၀) ကျော်ခန့် သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့နဲ့ စစ်ကောင်စီကြား သဘောထားကွဲလွဲမှုနဲ့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့တဲ့အပေါ်မှာလည်း စစ်ကောင်စီခေါင်းဆောင်က NCA မှာ လက်မှတ်ရေးထားတဲ့ အဖွဲ့အချို့ဟာ သဘောတူညီချက်တွေကို ချိုးဖေါက်လာနေတယ်လို့ မိန့်ခွန်းအတွင်းမှာ စွပ်စွဲပြောဆိုပါတယ်။

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနို်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ အဖွဲ့သုံးဖွဲ့ကတော့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူလိုက်တာကြောင့် NCA စာချုပ်ပျက်ပြယ်သွားပြီဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို VOA မြန်မာပိုင်းက သတင်းရေးသားဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကြုံတွေ့လာရတဲ့ စီးပွားရေးအကျပ်အတည်းတွေပေါ်မှာတော့ စစ်ကောင်စီခေါင်းဆောင်က ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်အချို့ရဲ့ ဝိသမလောဘတွေကြောင့် ဖြစ်တယ်ဆိုပြီး အပြစ်ဖို့ပါတယ်။ ဧပြီလအတွင်း ရွှေစျေးနှင့်ငွေကြေးစျေးနူန်းတွေ အဆမတန် ပြောင်းလဲလာတာဟာ ဝိသမစီးပွားရေးတွေက ငွေကြေးတန်းဖိုးကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းကြောင့်ဖြစ်ပြီး ဒါကို အရေးယူဆောင်ရွက်ခဲ့တာကြောင့် ရွှေစျေးနဲ့ ငွေကြေးစျေးများ ရှိသင့်၊ ဖြစ်သင့်တဲ့ စျေးနူန်းကို ကျဆင်းလာနေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုထားပါတယ်။

ပြည်တွင်းရွှေလုပ်ငန်းရှင်တွေကို အရေးယူလိုက်တာကြောင့် ရွှေစျေးနူန်း သိသိသာသာ ကျဆင်းလာတဲ့အခြေအနေမရှိဘဲ ရွှေစျေးနူန်းက သိန်း (၅၀)ကျော်အထိ ဆက်လက်ရှိနေတုန်းပဲလို့ VOA မြန်မာပိုင်းသတင်းက ပြည်တွင်းရွှေလုပ်ငန်းရှင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇွန်လ (၅) ရက်နေ့မှာ ဖေါ်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံမှာ ရွှေစျေး ၁ ကျပ်သားကို မြန်မာငွေ (၁၈)သိန်းကျော်နဲ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ (၁၃၀၀) ကျော်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီး (၃) နှစ်ကျော်အကြာမှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို သိန်း (၅၀) ကျော်နဲ့ အမေရိကန်ဒန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ (၄၀၀၀) ကျော်ဖြစ်တဲ့အထိ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေး ဆုတ်ယုတ်မှုအခြေအနေကို ကမ္ဘာ့ဘဏ်က အသိပေးထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအတွင်း ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းတွေနဲ့ စစ်ကောင်စီရဲ့ လက်တွေ့မကျတဲ့ မူဝါဒတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ တလျှောက်လုံး ထိခိုက်သွားနိုင်တဲ့ အခြေအနေ ကြုံနေရကြောင်းနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည် နာလန်ထူဖို့ မလွယ်နိုင်တဲ့ အခြေအနေမှာ ရှိကြောင်း ၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလ ရောက်ရှိလာတဲ့ အချိန်မှာ စစ်ကောင်စီအနေနဲ့ မြို့ပေါင်း (၅၃) မြို့ကို လက်လွှတ်ခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိတဲ့ အနက် (၆) ခုကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့ ISP Myanmar ကရဲ့ သုတေသန ထုတ်ပြန်ချက်တွေမှ ဖေါ်ပြထားပါတယ်။ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း (၆) ခုဟာ ပြည်ပကုန်သွယ်မှုရဲ့ (၁၆) ရာနူန်းနီးပါးရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလအထိ ငါးလအတွင်းမှာ နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံကျော် ဆုံးရှုံးထားရတယ်လို့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ ISP Myanmar က ထုတ်ပြန်တဲ့ မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခများနဲ့ စီးပွားရေးအကျပ်အတည်းများအပါအဝင် နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေ၊ဒေသခံပြည်သူတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုထားပြီး စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်ကနေ ရှောင်လွှဲဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

XS
SM
MD
LG