သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းရှင်တချို့ အရေးယူခံရပြီးနောက် ရွှေဈေး ကျပ်သိန်း ၅၀ ကျော် ဆက်လက်ဈေးပေါက်


ရန်ကုန်မြို့ကရွှေဆိုင်တခုမြင်ကွင်း (ယခင်ပုံဟောင်း)
ရန်ကုန်မြို့ကရွှေဆိုင်တခုမြင်ကွင်း (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံမှာ ရွှေဈေး မတည်ငြိမ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ရွှေဈေးကတော့ သိသိသာသာ ပြန်မကျသေးဘူးလို့ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေ အပါအဝင် ရွှေလုပ်ငန်းနဲ့ ဆက်နွယ်သူတချို့ကတော့ တိမ်းရှောင်နေတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။ ရွှေဈေးကွက် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မအေးသန္တာကျော် တင်ပြထားပါတယ်။

ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ ပွဲစားတွေအပါအဝင် စုစုပေါင်း ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးနေတယ်လို့ စစ်ကောင်စီက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်လိုက်ပြီးနောက် ဒီကနေ့ ရွှေဈေးကတော့ သိသိသာသာ ကျမသွားဘူးလို့ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။ ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းက ၄၁ သိန်းကျော် ဖြစ်ပေမဲ့ ဒီကနေ့ အခေါက်ရွှေဈေးက ပြင်ပပေါက်ဈေး ၅၂ သိန်းကျော်နဲ့ ဈေးဖွင့်ခဲ့တာပါ။ ဈေးကွက်ထဲ ရွှေဈေးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပြီးမှာ သိသိသာသာ ပြောင်းလဲသွားတာမျိုး မရှိဘူးလို့ မန္တလေးမြို့က ရွှေလုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

"ကျနော်တို့ မှန်းတာတော့ ၅၀ အောက်လောက်ကျမယ် မှန်းတာပေါ့။ သို့သော်လည်း မကျဘူးဆိုတော့လည်း ဝယ်လိုအားတွေ ရှိနေလို့ဖြစ်မယ် ထင်တယ်။ ခါတိုင်းဆိုရင် အပြင်ကအင်အားကြီးတဲ့ တချို့လူတွေက ရွှေလောကနဲ့မဆိုင်လည်း ဝင်ဝယ်၊ ဝင်ရောင်းတွေရှိတော့ ဒီလူတွေ တန့်သွားတယ်ဆိုရင်တော့ တကယ်သမာရိုးကျဖြစ်မယ့် စျေးတန်းလေး ပေါ်လာမယ်လို့ မျှော်လင့်တာပေါ့။ တချို့ကျတော့ အဲလိုပေါ့ဗျာ၊ အကုန်ဝင်ပြီး ဝိုင်းလုပ်ကြသလိုပေါ့။ မြေလောကရော၊ ကားလောကရော၊ တခြားလောကရော ဝင်ဝယ်၊ ဝယ်ရောင်း အဲဒါမျိုးတွေရှိတယ်။ အခုတော့ သူတို့တွေလည်း နည်းနည်းလေးရှဲသွားမယ် ဆိုရင်တော့ သမားရိုးကျ စျေးတန်းလေးဖြစ်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်တာပါ။"

ပြည်တွင်းရွှေစျေးနှုန်းက ၅၈ သိန်းကျော်အထိ ကြိုက်ရောင်း၊ ကြိုက်ဝယ် ပြင်ပပေါက်စျေး ရှိခဲ့ပါတယ်။ အခေါက်ရွှေနဲ့ အပိုင်း၊ ဖြတ်စအရောင်းတွေကို နားထားပြီး ရွှေထည်တွေကိုသာ ဆိုင်တချို့က အရောင်းအဝယ် ပြုလုပ်နေကြတာပါ။ ရွှေစျေးနှုန်း အဆမတန်တက်ပြီး မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေက ရွှေလုပ်ငန်း လုပ်ကိုင်သူတွေအတွက်လည်း အခက်တွေ့စေတယ်လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"စျေးတက်တယ်ဆိုရင် ရွှေကုန်သည်တွေ မြတ်တယ်ထင်ကြတယ်။ အဲဒီလို စျေးတက်တိုင်းလည်း မမြတ်ဘူး။ ကျနော်တို့က ပုံမှန်စျေးလေး နည်းနည်းပါးပါး တက်သွားလိုက်၊ ကျသွားလိုက် အဲဒီအခြေအနေမျိုးမှ ကျနော်တို့တွေက မြတ်တာ။ ဒီလိုအခြေအနေမျိုးကျ ကျနော်တို့မှာ သက်ဆိုင်ရာက အရေးယူမှာကို ကြောက်ရ၊ တဖက်မှာလည်း လုပ်ရကိုင်ရခက်နေ။ စျေးအဆမတန် ဆင့်ကဲဆင့်ကဲ တက်နေတာကို ကျနော်တို့ထဲကလည်း မလိုလားပါဘူး။ ပုံမှန်လေး တက်လိုက်၊ ကျလိုက် အနေအထားကိုပဲ ကျနော်တို့က လိုလားပါတယ်။ အဲဒါမှ အားလုံးအဆင်ပြေ ချောမွေ့ပါတယ်။"

ရွှေစျေးကွက် မတည်ငြိမ်အောင် လုပ်ဆောင်နေတယ်ဆိုပြီး ဖမ်းဆီးထားသူတွေနဲ့ ထွက်ပြေးတိမ်းရှောင် နေသူအားလုံးကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။ လူသိများတဲ့ ရွှေဆိုင်ကြီးတွေဖြစ်တဲ့ အောင်သမာဓိ၊ ဝိန့်စိန်၊ ဇွဲထက်နဲ့ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း တာဝန်ရှိသူ တချို့ အပါအဝင် လုပ်ငန်းရှင် ၁၀ ဦး ထွက်ပြေးနေတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း အရေးယူခံထားရသူတချို့ရဲ့ ဆိုင်ခွဲတွေကတော့ ပုံမှန်လည်ပတ်နေတယ်လို့လည်း အရောင်းဝန်ထမ်း တယောက်က ပြောပါတယ်။

"ဆိုင်ခွဲတွေအားလုံး ဖွင့်ပါတယ်။ ၁၅ ပဲရည် ဒီနေ့စျေးက ၄,၀၅၀,၀၀၀ ပါ။ ရောင်းစျေးနဲ့ ဝယ်စျေး ဆိုင်ခွဲအားလုံး အတူတူပါပဲ။"

စစ်ကောင်စီဟာ ငွေစက္ကူအဆမတန် ရိုက်ထုတ်ခဲ့တာကြောင့် ရွှေစျေး၊ ဒေါ်လာစျေး အပါအဝင် အခြေခံ စားသုံးကုန်စျေးတွေ အဆမတန်တက်လာတာလို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဘဏ္ဍာရေးဌာနက ဒီကနေ့မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ်ကာလမှာ စစ်အသုံးစရိတ်ကို ဘဏ္ဍာငွေ ကျပ်ငွေဘီလီယံ ၅,၆၃၅ သုံးစွဲခဲ့ပြီး၊ အဲဒီလို အသုံးပြုဖို့ နောက်ကွယ်မှာ လိုသလောက် ငွေရိုက်ထုတ်ခဲ့တယ်လို့ NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းအောင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG